မြန်မာအရေးမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး မကြာခင်သွားရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဥ်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဇူလိုင်လ ၁၅ ရက်နေ့က ရေးသားလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မကြာခင်က မြန်မာနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်ရိုက်တွေ့ဆုံတာ အပါအဝင် အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေးမြှင့်တင်လာတာကို ကြိုဆိုတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ပြောကြားပါတယ်။
မစ္စတာဆီဟာဆတ်က ၂၀၂၁ အာဏာသိမ်းအပြီး မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပထမဆုံး တိုက်ရိုက် တွေ့ဆုံခဲ့တာဖြစ်ပြီး နေပြည်တော်က စစ်ခေါင်းဆောင်တွေကို မြန်မာနိုင်င့အရေး တိုးတက်ပြောင်းလဲစေဖို့ အားပေးတိုက်တွန်းနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယအဖွဲ့ရဲ့ရပ်တည်ချက်ဖြစ်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်ရှိတယ်လို့ အာဆီယံ ပြောလိုက်ပြီး နောက်ထပ် တိုးတက်မှုတွေကို စံထားသတ်မှတ် တိုင်းတာဖို့ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအထဲမှာ နိုင်ငံရေး အကျဥ်းသားတွေ လွတ်ပေးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အပြုသဘော ပြောင်းလဲလာတာတွေ ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်လှယ်လည်းဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ မာရီယာထရီဇာ လာဇရို (Theresa Lazaro) အနေနဲ့ လူသားချင်းစာနာမှု မြန်မာနိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သွားရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ မျှော်လင့်ထားပါတယ်။”
စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဘက်က ဒီအချက်အပေါ် ဘယ်လိုတုံ့ပြန်ပါလဲဆိုတဲ့ အချက်ကိုတော့ ဒီပန်ကြားချက်ကို သူ့အနေနဲ့ ငြင်းပယ်တာတော့မရှိကြောင်း၊ သူတို့ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးမယ်လို့သာ ပြောကြားကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“ပြောရရင်တော့ ရိုးသားမှုပါပဲ။ ကျွန်တော်တို့ ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေး ပြောဆိုရာမှာ ရိုးရိုးသားသားပဲ တောင်းဆိုတာဖြစ်ပြီး ထိတွေ့ဆက်ဆံမှသာ တိုးတက်ပြောင်းလဲလာနိုင်မယ်လို့ ရိုးရိုးသားသားပဲ မျှော်လင့်ထားပါတယ်။ မြန်မာကို အထီးကျန်မထားဘဲ အာဆီယံအဖွဲ့ထဲ ပြန်ဖိတ်ခေါ်တာဟာ အကောင်းဆုံးပါ။ ငါးနှစ်ကြာလာတော့ ကျွန်တော်တို့ စကားပြောဖို့လိုတယ်၊ နားထောင်ဖို့လိုတယ်။ သူတို့ဖက်ကလည်း ရှင်းပြဖို့လိုပါတယ်။”
ဇွန်လ ၁၂ ရက်နေ့က ဘန်ကောက်တွေ့ဆုံပွဲမှာ မြန်မာနဲ့အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေဘက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ အဓိကထားပြီး အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ထပ်မံတိုက်တွန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်လှယ်လည်းဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ မာရီယာထရီဇာ လာဇရို (Theresa Lazaro) က ပြောလိုက်ပါတယ်။
ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး အမျိုးတစ်ယောက်လို အစ်မတစ်ယောက်လို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့ပါတယ်။
စစ်တပ်ခန့် မြန်မာနိုင်ငံခြာရေးဝန်ကြီး ဦးတင်မောင်ဆွေကတော့ “ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအဖွဲ့ရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေပြီး မြန်မာနိုင်ငံက လက်ရှိ ပကတိ နိုင်ငံအရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြန်သုံးသပ်ဖို့ လွှတော်ကတစ်ဆင့် တောင်းဆိုထားကြောင်း၊ ဒါ့ကြောင့် အာဆီယအဖွဲ့ကြီးအနေနဲ့လည်း ဒီအချက်ကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
ဓာတ်ပုံ - ၂၀၂၆ ဇူလိုင် ၁၄ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) နှင့် မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးနေစဥ်။ (MOFA Kingdom of Thailand)
