ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဇူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့က အလွတ်သဘော ဆွေးနွေးပွဲမှာ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကိုပြောကြားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်လှယ်လည်းဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မာရီယာထရီဇာ လာဇရို (Theresa Lazaro) က ပြောလိုက်ပါတယ်။
စစ်တပ်ခန့် မြန်မာအစိုးရနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စလာဇရိုက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
“ကျွန်မမှတ်မိသလောက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ပြောတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တယ်၊ သူပြောတဲ့ စကားလုံးအတိုင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အတွက် ဆွေမျိုးသားချင်းတစ်ယောက်လို၊ အစ်မကြီးတစ်ယောက် ဖြစ်တယ်။ ဒါ့ကြောင့် သူကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားမှာဖြစ်တယ်လို့ ပြောပါတယ်။”
စစ်အာဏာသိမ်းအပြီး ၅ နှစ်အကြာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ စစ်တပ် ကျောထောက် နောက်ခံပေးတဲ့ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီးတဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း က သမ္မတရာထူးရယူအပြီးနောက် အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ ပထမဆုံးအကြိမ် ဝန်ကြီးအဆင့်တွေ အလွတ်သဘောတွေ့ဆုံတာဖြစ်ပါတယ်။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ က ချမှတ်ခဲ့တဲ့ အာဆီယအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖြည့်ဆည်းတာမရှိဘဲ အာဆီယံထိပ်သီးခေါင်းဆောင်တွေက အခုလို စစ်တပ်ခန့်အစိုးရဝန်ကြီးနဲ့ တိုက်ရိုက်တွေ့ဆုံတာကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုံ့ချထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ(Yanghee Lee) က ဒီလိုတွေ့ဖို့ဆုံးဖြတ်တာဟာ အာဆီယံအဖွဲ့ကြီးရဲ့ မူဘောင်ကို ကိုယ်တိုင်ဖျက်ရာရောက်နေပြီး အဖွဲ့အစည်းတစ်ခုအနေနဲ့ အသုံးမတည့်အရာမဝင်တဲ့အခြေအနေ ရောက်သွားနိုင်တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့က ဝေဖန်ထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့လုပ်ရပ်ဟာ ဘုံသဘောတူညီချက်တွေကို တစ်ချက်မှ မလိုက်နာတဲ့အပြင် မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်အကြမ်းဖက်သတ်ဖြတ်နေတာကို ဆုချသလို နေရာပေးဆက်ဆံနေ တယ်လို့ ဝေဖန်လိုက်ပြီး မြန်မာစစ်တပ်ခန့်အစိုးရကို နေရာပေးရမှာထက် ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ဥပဒေကြောင်းအရ အပြစ်ပေးဒဏ်ခတ်ရမှာသာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
