မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ ဆွေးနွေးမည်

မြန်မာနဲ့ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပွဲနှစ်ပွဲ လုပ်မှာဖြစ်ပြီး တစ်ပွဲက စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးပါပြီး နောက်တစ်ပွဲမှာမပါ။

မြန်မာစစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် ဇူလိုင် ၁၂ ရက် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ်လို့ ဗီယက်နမ်နိုင်ငံက ဇွန်လ ၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ၅ နှစ်အကြာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ စစ်တပ် ကျောထောက်နောက်ခံပေးတဲ့ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီးတဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင်‌ဟောင်းက သမ္မတရာထူးရယူအပြီးနောက် အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေချိန် အခုလို အလွတ်သဘောတွေ့ဆုံပွဲဖြစ်လာတာပါ။

ဘန်ကောက်တွေ့ဆုံဆွေးနွေးပွဲဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ တိုက်ရိုက် အမြင်သဘောထားဖလှယ်တာ၊ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်တာနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ပိုဖြစ်လာစေဖို့ အခွင့်အလန်းတစ်ရပ်ဖြစ်ပါတယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဖန်သူဟန်း (Pham Thu Hang) က ပြောပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုတယ်လို့ AFP သတင်းမှာ ရေးသားထားပါတယ်။

မြန်မာ့အရေးလေ့လာနေတဲ့ နိုင်ငံတကာပဋိပက္ခလေ့လာရေးဌာန ICG ရဲ့ အာရှရေးရာ အဆင့်မြင့်အကြံပေးဖြစ်သူ ရစ်ချတ်ဟောဆေ (Richard Horsey) ကတော့ “ဒီဆွေးနွေးပွဲဟာ အာဆီယံအဖွဲ့တွင်း သဘောထားကွဲလွဲနေတာကိုပြတဲ့ အက်ကြောင်းနောက်တစ်ခုလို့ ပြောလိုက်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာလကကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်အပေါ်ထားခဲ့တဲ့ သဘောထားကို အဆုံးသတ်ဖို့ သံတမန်ရေးရာ ကစားကွက်တစ်ခုပဲဖြစ်ပါတယ်“လို့ သုံးသပ်ပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ ဘန်ကောက်မှာ မြန်မာနဲ့ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပွဲ နှစ်ပွဲရှိမှာဖြစ်ပြီး တစ်ပွဲက မြန်မာနိုင်ငံခြားရေးဝန်ကြီးပါပြီး နောက်တစ်ပွဲမှာ မပါဘူးလို့ဆိုပါတယ်။

ရွေးကောက်ပွဲအပြီး မြန်မာကို အာဆီယံအဖွဲ့မှာ ပြန်ပါဝင်နိုင်အောင် ထိုင်းနိုင်ငံက ဦးဆောင်ကြိုးပမ်းမယ်လို့ အခုနှစ်ဖေဖော်ဝါရီလမှာ အတိအလင်းသဘောထားကြေညာထားပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ က ချမှတ်ခဲ့တဲ့ အာဆီယအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။