မြန်မာအစိုးရအဖွဲ့ဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ ဖြစ်တာကြောင့် အာဆီယံအပါဝင် နိုင်ငံတကာက အသိအမှတ်ပြု တန်ဖိုးထားပေးဖို့လိုတယ်လို့ စစ်အာဏာသိမ်း ခေါင်းဆောင် “သမ္မတ” ဦးမင်းအောင်လှိုင်က မေလ ၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
၂၀၂၁ အရပ်သား အစိုးရအဖွဲ့ကို ဖမ်းဆီး အာဏာသိမ်းပြီး ငါးနှစ်အကြာ စစ်တပ်ကစီစဉ်တဲ့ ရွေးကောက်ပွဲကနေ ကျင်းပတဲ့ စစ်တပ်ဦးဆောင်တဲ့ လွှတ်တော်ကနေ ရွေးချယ်ခံရပြီး အာဏာလွှဲ ယူခဲ့တဲ့ စစ်တပ်ခန့် အစိုးရအပေါ် အာဆီယံနိုင်ငံများအဖွဲ့အပါအဝင် နိုင်ငံတကာက အသိအမှတ် မပြုတဲ့အပေါ် စစ်အာဏာသိမ်းခေါင်းဆောင်က နေပြည်တော် သမ္မတရုံးမှာကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“ပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးချယ်ထားတဲ့ အစိုးရအပေါ်မှာ နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ၊ ကန့်သတ်မှုတွေ ဆက်လုပ်နေကြတယ်၊ ဒီမိုကရေစီနိုင်ငံတွေဟာ မိမိဆန္ဒအလျောက် မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို တန်ဖိုးထားသင့်တယ်”
သမ္မတ ဦးမင်းအောင်လှိုင်က သူ့အစိုးရအဖွဲ့ဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရဖြစ်တယ်လို့ ပြောကြားပြီး နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ထိခိုက်နေရတာလို့လည်း ပြောပါတယ်။
၂၀၂၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်သလို မဲ မသမာမှုနဲ့ မဲစာရင်း မှားယွင်းမှုမရှိဘဲ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်း အနက် ၁၃ ဒသမ ၁၃ သန်းကျော် မဲပေးခဲ့ပြီး မဲပေးနှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်ကော်မရှင်ဦးဆောင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ရွေးကောက်ပွဲမှာ ပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းနဲ့ပြည်နယ်အားလုံးမှာ ပါတီ ၆ ပါတီ ဝင်ပြိုင်ခဲ့သလို ပါတီ ၃၁ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခံခဲ့ရတယ်လို့ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုသွားပါတယ်။
ပြည်တွင်းက အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ပြည်သူတွေက အစစ်အမှန် ရွေးချယ်ပေး လိုက်တဲ့ အစစ်အမှန် ရွေးကောက်ခံအစိုးရဆိုရင် ပြည်သူနဲ့ နိုင်ငံတကာက အသိမှတ်ပြု မှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“စီးပွားရေးဖွံ့ဖြိုးဖို့က နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ နိုင်ငံရေးတည်ငြိမ်မှုက အရေးကြီးပါတယ်။ ပြည်သူတွေကလည်း သူတို့ကို အသိမှတ်မပြုကြသလို အာဆီယံနဲ့ အနောက်နိုင်ငံတွေ အများစုကလည်း စစ်တပ်ဦးဆောင်နေတဲ့ အစိုးရကို တရားဝင် ရွေးကောက်ခံ အစိုးရအဖြစ် မမြင်သေးတာကြောင့် ပိတ်ဆို့မှုတွေက ဆက်ရှိနေတာပါ။ ဒါ့အပြင် လုံခြုံရေးမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ လျှပ်စစ်မီးမှန်အောင် လုပ်မပေးနိုင်တာတွေအပါဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းတာတွေကလည်း နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။”
၂၀၂၅-၂၀၂၆ စစ်တပ်က စီစဉ်တဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ ရွေးကောက်ပွဲကို ဝေဖန် ကန့်ကွက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄၀၀ ဖမ်းဆီးအရေးယူခဲ့ပြီး ပြည်တွင်း ပြည်ပ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာက စစ်အာဏာသိမ်း ခေါင်းဆောင်တွေရဲ့ အာဏာကို တရားဝင် ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲအဖြစ် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
