မြန်မာနိုင်ငံမှာ ပြည်တွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးရလာဖို့ အာဆီယံအနေနဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံတာ တိုးမြှင့်သွားဖို့ လိုတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim) က နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာဆီယံအစည်းအဝေးတက်ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး ကြိုးပမ်းတာတွေကို ဆက်ပြီးထောက်ခံကြောင်း၊ ဘယ်ချဥ်းကပ်မှုမျိုးမဆို မြန်မာပြည်တွင်းအခြေအနေ တိုးတက်ပြောင်းလဲမှုကို ထည့်တွက်ဖို့လိုကြောင်းလည်း ပြောပါတယ်။
မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အရင်ထက်စာရင် ခြေလှမ်းကောင်းတွေ ဆက်လှမ်းလာတယ်ဆိုတာ အသိအမှတ်ပြုဖို့လိုကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့က မြန်မာနဲ့ ထိတွေ့ဆက်ဆံရေးကို စတင်အကောင်အထည် ဖော်နေပြီး တခြားနိုင်ငံတွေကလည်း အလားတူ ခြေလှမ်းတွေ ပြင်နေကြောင်း၊ ဒီထိတွေ့ဆက်ဆံမှုကနေ မြန်မာစစ်တပ်ခန့်အစိုးရကို ပြည်တွင်းတင်းမာမှု လျှော့ချရေးအတွက် ဖျောင်းဖျနားချနိုင်မယ်လို့ ထင်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
အာဆီယံမှာ မြန်မာအပြည့်အဝ ပြန်ပါလာရေးအတွက်ဆိုရင် မြန်မာပြည်သူတွေ လုံခြုံရေးနဲ့ ကောင်းမွန်စွာ ရပ်တည်ရှင်သန်နိုင်ဖို့ အာမခံချက်ရှိရေးကို အခြေခံထားရမှာဖြစ်တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာတော့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု တိုးတက်ချက်တွေအပေါ် မူတည်ပြီး မြန်မာနဲ့ အဆင့်လိုက် ထိတွေ့ဆက်ဆံသွားဖို့ သဘောတူထားပါတယ်။
အာဆီယံဥက္ကဋ္ဌနဲ့ ညှိနှိုင်းပြီး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီက မြန်မာစစ်တပ်ခန့်အစိုးရအပါအဝင် သက်ဆိုင်သူတွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်တာကို အားပေးထောက်ခံထားပေမဲ့ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့်အစိုးရ အကြီးအကဲတွေ တက်ရောက်ခွင့်ကို ဆက်လက်ကန့်သတ်ထားမှာ ဖြစ်ပါတယ်။
