နိုင်ငံတော်သမ္မတဦးဝင်းမြင့် အမှန်တကယ် မလွတ်မြောက်သေးတဲ့အတွက် ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးပြန်လွတ်ပေးဖို့ ရန်ကုန်၊ တာမွေမြို့နယ်က ဦးဝင်းမြင့် တိုက်ခန်းရှေ့မှာ သွားရောက်ပြီး နိုဝင်ဘာ ၈ ရက်နေ့က သံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုရိုက်ကူး လွှင့်တင်ခဲ့တာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ဂျာမနီသံရုံးယာယီတာဝန်ခံကို နိုဝင်ဘာ ၁၀ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး သတိပေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီလို သတိပေးရာမှာ အခုလို လုပ်ရပ်ဟာ “ဒီမိုကရေစီနည်းနဲ့ ရွေးကောက် တင်မြှောက်ခံ ထားရတဲ့ အိမ်ရှင်နိုင်ငံ သမ္မတဦးမင်းအောင်လှိုင် ကို တိုက်ရိုက်စော်ကားရာရောက်သလို ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ပြည်သူ ၁၃ သန်းကျော်ကိုလည်း စော်ကားရာရောက်ကြောင်း၊ ဒီလိုပြောဆိုလုပ်ဆောင်တာဟာ ပြည်တွင်း မငြိမ်မသက်မှုဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း၊ ဦးဝင်းမြင့်ကို သမ္မတဟုသဘောထားပြီး အစိုးရနဲ့ လက်တွဲလုပ်ဆောင်လိုခြင်းမရှိဘဲ မြန်မာနိင်ငံမှာ ဆက်တာဝန်မထမ်းလိုပါက တားမြစ်မှာမဟုတ်ကြောင်း” ဂျာမနီသံရုံးတာဝန်ခံ မာသီးယပ်စ် လစ်ရှာ့ဇ် (Mathias Licharz)ကို လက်ရှိစစ်တပ်ခန့် အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကိုကိုကျော်က ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့မှာ ဂျာမနီသံရုံးတာဝန်ခံက ဧပြီလက အကျဥ်းထောင်က ပြန်လွတ်လာတဲ့ ဦးဝင်းမြင့်ကို တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ နေပြည်တော်က ခွင့်ပြုချက်မရ လို့ တွေ့ခွင့်မရခဲ့ကြောင်း၊ ဒါ့ကြောင့် ဦးဝင်းမြင့် အမှန်တကယ် လွတ်လပ်ခွင့်မရသေးကြောင်း၊ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်းနဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုကြောင်းလည်း ဂျာမနီသံရုံးအကြီးအကဲရဲ့ ဗီဒီယိုမှာ တောင်းဆိုထားပါတယ်။
စစ်အာဏာသိမ်းအပြီး ငါးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတစ်ရုံးက အကြီးအကဲ ဖြစ်သူ ဗီဒီယိုရုပ်သံထုတ်လွှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတာဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာ ဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်းနဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် အဓိပ္ပာယ်ရှိပြီး ပွင့်လင်းမြင်သာတဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လစ်လျူရှုပြီး အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ၂၀၂၅ နှစ်ကုန်မှာ ရွေးကောက်ပွဲကျင်းပပြီး ကိုယ်တိုင် အစိုးရဝင်ဖွဲ့ အာဏာလွှဲပြောင်းရယူခဲ့တာကြောင့် အတုအယောင်ရွေးကောက်ပွဲနဲ့ အစိုးရအဖြစ် နိုင်ငံတကာနဲ့ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေက ဝေန်ရှုံ့ချထားပါတယ်။
