နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ ခြောက်လကျော်ကြာတဲ့အထိ ခွင့်ပြုချက်မရသေးတာဟာ ဦးဝင်းမြင့် အမှန်တကယ် လွတ်လပ်ခွင့်မရသေးတာကို ပြသနေတယ်လို့ ရန်ကုန်မြို့ ဂျာမနီသံရုံးတာဝန်ခံ မာသီးယပ်စ် လစ်ခါဇ် (Mathias Licharz) က ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မြို့ တာမွေမြို့နယ်က ဦးဝင်းမြင့်ရဲ့ နေအိမ်တိုက်ခန်းရှေ့မှာ မာသီးယပ်စ် လစ်ခါဇ်က အခုလို ပြောလိုက်တာပါ။
ပြီးခဲ့တဲ့ ဧပြီလမှာ ဦးဝင်းမြင့်ကို အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် သူနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ နေပြည်တော်က ခွင့်ပြုချက်ရယူဖို့ လိုအပ်တယ်လို့ အကြောင်းပြန်ခဲ့ကြောင်း မာသီးယပ်စ် လစ်ခါဇ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ ဦးဝင်းမြင့်ကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် သူနဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပေမဲ့ နေပြည်တော်ဘက်က ခွင့်ပြုချက်ရယူဖို့ လိုအပ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အခုအချိန်အထိ ခွင့်ပြုချက်မရသေးတာဟာ ဦးဝင်းမြင့် အမှန်တကယ် လွတ်လပ်ခွင့်မရသေးတာကို ပြသနေတယ်လို့ သူက ပြောပါတယ်။
“ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ အခုချိန်အထိ ကျွန်တော် တွေ့ဖို့ ခွင့်ပြုချက်မရသေးပါဘူး။ ဒီအခြေအနေကနေ ကောက်ချက်ချနိုင်တာ တစ်ခုပဲရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါဘူး။ သူတွေ့ချင်တဲ့သူတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်မရှိသလို အခြားသူတွေနဲ့လည်း လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့် မရှိပါဘူး”
ဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်းနဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် အဓိပ္ပာယ်ရှိပြီး ပွင့်လင်းမြင်သာတဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေပေမဲ့ လက်ရှိအချိန်အထိ တွေ့ခွင့်မရသေးဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်သွားတွေ့ဖို့ ကြိုးစားတော့ ပေးမတွေ့သေးတာပေါ့။ စာတင်ရမယ်လို့ ပြောတယ်။ အကျယ်ချုပ်သဘောမျိုး ဖြစ်နေတာပေါ့။ စာတင်မှ စိစစ်ပြီးမှ တွေ့ခွင့်ပေးမှာလို့ ပြောနေတာ။ ရတဲ့နည်းနဲ့ တွေ့နိုင်ဖို့ ကြိုးပမ်းနေပါတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး သတင်းနဲ့ပြန်ကြားရေးဗျူရိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဦးဝင်းမြင့်ဟာ သူ့ရဲ့ မိသားစုဝင်တွေ ငှားရမ်းနေထိုင်တဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်က နေအိမ်တစ်ခုမှာ မိသားစုနဲ့အတူ နေထိုင်ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ မိသားစုနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
သူနေထိုင်တဲ့ နေအိမ်အနီးတစ်ဝိုက်မှာ ပေါ်ပေါ်ထင်ထင် လုံခြုံရေး ကန့်သတ်ထားတာမျိုး မရှိပေမဲ့ အရပ်ဝတ် လုံခြုံရေးအများအပြားနဲ့ စောင့်ကြည့်နေတယ်လို့ ဒီအခြေအနေကို သိရှိတဲ့ နေပြည်တော်မြို့ခံတချို့က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှာ စစ်ဗိုလ်ချုပ်တွေက သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းပြီး သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အမှုပေါင်း ရှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အမှုတချို့အတွက် ပြစ်ဒဏ်လေးနှစ် လျှော့ပေါ့ပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာတော့ စစ်တပ်ခန့်အစိုးရက လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ဦးဝင်းမြင့်ဟာ တောင်ငူအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး နေပြည်တော်မှာရှိတဲ့ မိသားစုနဲ့ ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
