မြန်မာနိုင်ငံမှာ စစ်တပ်အလိုကျအစိုးရသစ်ပေါ်လာပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရှိမှာမဟုတ်သေးဘူးလို့ နိုင်ငံရေးအတိုက်ခံအင်အားစုတွေနဲ့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တစ်နိုင်ငံချင်းရဲ့ ဆက်ဆံ ရေးမူဝါဒ ပြောင်းလဲလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်လည်းရှိနေပါတယ်။
နိုင်ငံတကာဆက်ဆံရေးကိုဟန်ချက်ညီအောင်ဆောင်ရွက်မှာဖြစ်သလို အာဆီယံနဲ့ပုံမှန်ဆက်ဆံရေးပြန်ရဖို့ကြိုးပမ်းသွားမယ်လို့ ဧပြီလ ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ သမ္မတကျမ်းကျိန်ပွဲမှာ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ အသွင်ပြောင်းအစိုးရအနေနဲ့ လာမဲ့မေလမှာကျင်းပမဲ့ အာဆီယံထိပ်သီးအစည်း အဝေးမှာ နိုင်ငံရေးအရကိုယ်စားပြုခွင့်ရမှာမဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ရထားတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ထရီဇာလာဇရို (Theresa Lazaro) က BBC နဲ့ သီးသန့်မေးမြန်းခန်းမှာထုတ်ပြောထားပါတယ်။
ဒါဟာသင့်တော်တဲ့ရပ်တည်ချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောပါတယ်။
“အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကိုရော အာဆီယံကိုရော မထီမဲ့မြင်ပြုနေတဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ်အသိအမှတ်ပြုလိုက်ရင် အာဆီယံမှာရှိနေတဲ့ ဂုဏ်သိက္ခာတွေ နိုင်ငံရေးဩဇာတွေနဲ့ ဒေသတွင်းမှာ တခြားသောပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အာဆီယံဂုဏ်သိက္ခာနဲ့ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်က သင့်တော်တဲ့ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်လို့ ကျွန်မကမြင်ပါတယ်"
အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်ထည်မဖော်နိုင်သေးတဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရအဖွဲ့ကို တရားဝင်အသိအမှတ်မပြုဖို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း ဖိလစ်ပိုင်အစိုးရကိုတိုက်တွန်းတဲ့စာကို ဧပြီလ ၁၂ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ အာဆီယံအနေနဲ့တဖြည်းဖြည်းလက်ခံလာဖွယ်ရှိတယ်လို့ စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုး က RFA ကိုပြောပါတယ်။
" အာဆီယံက အရင်ကပြောခဲ့တဲ့စကားတွေ ရှိခဲ့တဲ့အခါကျတော့ အထူးသဖြင့် အာဆီယံဘက်ကနေ အိုက်တင်ခံ နေတဲ့ သဘောတော့ရှိတယ်။ အရင်တုန်းကဆိုရင် တပ်မတော် ကျောထောက်နောက်ခံရှိတဲ့ အစိုးရပုံစံကနေပြီး တော့ ရွေးကောက်ပွဲမှာ ပါတီတွေအများကြီးပါဝင်လာပြီးတော့ နိုင်လာတာပေါ့လေ။ အထူးသဖြင့်တော့ ပြည်ခိုင်ဖြိုးပါတီက အများစုဖြစ်မှာပေါ့လေ။ အဲဒီလိုမျိုးဆိုတော့ အာဆီယံမျက်လုံးထဲမှာက ပိုပြီးလက်ခံချင် စရာကောင်းသွားတာပေါ့"
အာဆီယံအဖွဲ့မှာ တစ်နိုင်ငံချင်းစီရဲ့ သံတမန်ဆက်ဆံရေးမူဝါဒအပြောင်းအလဲရှိလာနိုင်တယ်လို့ Forum of Federation အဖွဲ့ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ကိုဝင်းမင်းက ခန့်မှန်းပါတယ်။
“လုပ်ခဲ့တဲ့ရွေးကောက်ပွဲကလည်း အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်။ ပြည်သူ့ဆန္ဒကိုလည်း ကိုယ်စားပြု တာမဟုတ်တဲ့အတွက် အာဆီယံအနေနဲ့တော့ လက်ခံမှာမဟုတ်ဘူးဆိုတဲ့ မူကျတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီအလိုက်ဆိုရင် အနည်းငယ်ပြောင်းလဲမှုတွေရှိတယ်ပေါ့။ အားလုံးတွေ့ကြတဲ့အတိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့ဆုံစကားပြောနေတာတွေရှိတယ်။ ဒါပေမဲ့ အာဆီယံရဲ့အစု အဖွဲ့လိုက်ဆိုရင်တော့ မူဝါဒပြောင်းဖို့မရှိဘူးဆိုတာတော့တွေ့ရတယ်”
စစ်ခေါင်းဆောင်ဟောင်းဦးဆောင်တဲ့အစိုးရအဖွဲ့က အကြမ်းဖက်မှုတွေမရပ်သရွေ့အာဆီယံကလက်ခံရင်တောင် ပြည်တွင်းအဖွဲ့တွေကလက်ခံမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။
“လူတိုင်း လူတိုင်းက Inclusive Dialogue လူတိုင်းအဖွဲ့တိုင်းက ပါဝင်ရမယ်။ အားလုံးပါဝင်နိုင်ရေးပေါ့ နော်။ အဲဒီအချက်ကတော့ နောက်ဆုံးအချက်ပဲဖြစ်တယ်။ ပထမတစ်ချက်ဖြစ်တဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ လူသား ချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုတဲ့ဟာကြီးကို ပထမဦးဆုံးခြေလှမ်းအနေနဲ့ သဘောထား မှန်ကန် တဲ့အနေနဲ့ လက်တွေ့ မပြနိုင်ဘူးဆိုရင် ကျန်တဲ့ဟာတော့ဘာမှဖြစ်လာနိုင်စရာမရှိဘူး။ အာဆီယံက လက်ခံရင် တောင် တိုင်းပြည်မှာကျန်တဲ့ Stakeholders တွေက လက်ခံနိုင်စရာမရှိဘူး"
ပုံမှန်အားဖြင့် ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌနေရာကို မြန်မာနိုင်ငံကတာဝန်ယူရမှာဖြစ်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ချန်လှပ်ခံထားရတာဖြစ်ပါတယ်။
