မြန်မာ့အရေး တိုးတက်မှုမရှိတဲ့အတွက် အာဆီယံခေါင်းဆောင်များ စိတ်ပျက်လက်ပျက်ဖြစ်ရ

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ စတင်ကျင်းပနေတဲ့ ၂၀၂၆ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာကို အထီးကျန်နိုင်ငံအဖြစ် သတိနဲ့ဆက်ဆံနေဆဲဖြစ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက နိုင်ငံ‌ရေး အကြပ်အတည်း တိုးတက်ပြောင်းလဲမှုမရှိဘဲ ရှည်ကြာနေတာကို စိတ်ပျက်လက်ပျက် ဖြစ်ကြရတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ဘောင်ဘောင်း မားကို့စ် ဂျူနီယာ (Ferdinand “Bongbong” Marcos Jr. ) က မေလ ၈ ရက်နေ့က ‌ပြောကြားလိုက်ပါတယ်။

၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်ဆွေးနွေးပွဲများနဲ့ပတ်သက်လို့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတက မြန်မာအရေးကိစ္စဟာ လတ်တလော ဖြေရှင်းနိုင်တဲ့ အဖြေလည်းမရှိတဲ့ အာဆီယံအဖွဲ့အတွင်း စိတ်မသက်မသာအဖြစ်ရဆုံးပြဿနာဖြစ်တယ်လို့လည်း ပြောပါတယ်။

“မိမိတို့အနေနဲ့ ထိထိရောက်ရောက်မလုပ်ခဲ့ဘူးလို့တော့ သေချာပေါက်ပြောလို့မရပါဘူး။ ဒါပေမယ့် မေးခွန်းက တခြားဖြစ်နေတယ်။ ဘာများ မိမိတို့ဆက်လုပ်နိုင်ဦးမလဲဆိုတဲ့ မေးခွန်းပါပဲ။ လောလောဆယ် ဆွေးနွေးပွဲတွေက ဒီဘက်ကိုပဲ ရောက်နေပါတယ်။ ဘာတွေများ အာဆီယံနိုင်ငံတွေကလုပ်နိုင်ဦးမလဲ၊ ဘာလို့လဲဆိုတော့ (မြန်မာနိုင်ငံနဲ့ပတ်သက်လို့) ဘာမှ တိုးတက်ပြောင်းလဲလာတာမရှိလို့ပါပဲ။”

မြန်မာနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ(စစ်ခေါင်းဆောင်)အပါအဝင် အားလုံးက သဘောတူချမှတ်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်းတိုင်းပြည်မှာ ဘာမှ တိုးတက်ပြောင်းလဲလာတာ မရှိပါဘူးလို့လည်း ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ ဘုံသဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ လွတ်လပ်စွာ ပေးနိုင်ရေး ကူညီပေးဖို့တွေပါဝင်ပါတယ်။

“အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနဲ့ပတ်သက်လို့ ဘာမှ ထူးခြားတိုးတက်ပြောင်းလဲတာမရှိတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတာက သေချာပါတယ်။ တကယ်လို့ ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နည်းနည်းလေးပဲ ပြောင်းလဲပါတယ်။ သေချာတာကတော့ ဒီအချိန် မိမိတို့ မျှော်လင့်ထားသလောက် ပြောင်းလဲမှုမရှိဘူးဆိုတာပါပဲ”

မြန်မာနိုင်ငံက စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ တက်လာတဲ့ စစ်တပ်ခန့် အစိုးရသစ်ကို အသိအမှတ် ပြုမပြုကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားရပ်တည်မှုကွဲနေဆဲဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတကတော့ မြန်မာအစိုးရကို အသိအမှတ်ပြုမပြုဆိုတာထက် မူလပဋိဉာဥ်တွေမှာပါတဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့ဆိုတာတွေက အရေးကြီးတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်အားလုံးရဲ့ သဘောထားကတော့ အရင်လို အာဆီယံနဲ့ မြန်မာဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ဆိုရင် လက်ရှိအနေအထားထက် အများကြီးပြောင်းလဲတိုးတက်ဖို့ သေးတယ်ဆိုတာပါပဲလို့လည်း ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက ပြောပါတယ်၊

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ စတင်ကျင်းပနေတဲ့ ၄၈ ကြိမ်‌မြောက်အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံ နိုင်ငံတွေက မြန်မာနိုင်ငံကို သတိနဲ့ ခပ်ဝေးဝေးက ဆက်ဆံနေကြပြီး အဖွဲ့ရဲ့ တရားဝင်အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းမရှိဘဲ ဧည့်သည်သဘောသာ ဆက်ဆံကြတယ်လို့ ဖိလစ်ပိုင်ကလာတဲ့ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။

ဖိလစ်ပိုင်အာဆီယံညီလာခံမှာ စစ်တပ်ခန့်သမ္မတဖြစ်လာသူ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိဘဲ နိုင်ငံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသာ တက်ရောက် နေပါတယ်။

အာဆီယံခေါင်းဆောင်ဟောင်းတွေနဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူ ညီချက် ၅ ရပ်ကို စွန့်ပယ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပြီလို့ မကြာခင်က ထောက်ပြတိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံက ဦးဆောင်ကြိုးပမ်းနေတဲ့ မြန်မာနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် မြန်မာစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ ဆွေးနွေးဖို့ မေလ ၇ ရက်နေ့က သဘောတူထားပါတယ်။