အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအပေါ်တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ငါးရပ် ကို စွန့်လွှတ်ပြီး ပိုမိုပြင်းထန်တဲ့ အရေးယူကိုင်တွယ်တာတွေလုပ်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး ဟောင်းတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းတွေက မေလ ၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
ဒီတောင်းဆိုချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရွန် (Kasit Piromya) ၊ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့လက်ရှိလွှတ်တော်အမတ် ဆိုင်ဖူဒင် အဗ္ဗဒူလာ (Saifuddin Abdullah) ၊ ဖိလစ်ပိုင် တရားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ လွှတ်တော်အမတ် လိုင်လာဒီလီမာ (Leila M. de Lima) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီ (Yanghee Lee)၊ ခရစ္စဆီဒိုတီ (Chris Sidoti) နဲ့ မာဇူကီ ဒါရုစမန်း (Marzuki Darusman) တို့က လက်မှတ်ထိုးထားပြီး အခုတစ်ပတ် ဖိလစ်ပိုင်နိုင်ငံ ဆီဘူး (Cebu) မြို့၌ ကျင်းပနေသည့် (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာမူဝါဒပြန်သုံးသပ်ဖို့ မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကြီးဟာ ပြီးခဲ့တဲ့ ၅ နှစ်တာမှာ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြိမ်ကြိမ်မျက်ကွယ်ပြုတာကြုံခဲ့ရကြောင်း၊ အခုဟာ သူဦးဆောင်တဲ့ အစိုးရဟာ အရေခွံလဲထားပေမယ့် ကျားရေအစင်းမပျောက်သလို မူလဇာတ်ရုပ်ကနေ ပြောင်းလဲ ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာ နားလည်သေဘာပေါက်ဖို့လိုကြောင်း၊ ယုတ်လျော့မသွားတဲ့ ရက်စက်အကြမ်းဖက်မှုတွေကြားက စစ်အာဏာပိုင်တွေရဲ့ တဝက်တစ်ပျက် အလျော့ပေးမှု တွေဟာ အစစ်အမှန်နိုင်ငံရေးဖြေလျော့မှုတွေလို့ အယူအကောက် မလွဲသင့် ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုစီဘူး အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံအနေနဲ့ မြန်မာစစ်တပ်ရဲ့ အယောင်ပြအစိုးရ ကိုယ်စားလှယ်ကို အာဆီယံအစည်းအဝေးတွေကနေ ပိတ်ပင်တားမြစ်ဖို့၊ စစ်အစိုးရ လိုချင်နေတဲ့ တရားဝင်မှုကို မပေးဘဲ အသိအမှတ်မပြုလုပ်ဖို့၊ အကြမ်းဖက်တာတွေရပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးပြန်လွှတ်ပေးဖို့၊ ဦးဝင်းမြင့်ကို တရားဝင် နိုင်ငံတော်သမ္မတအနေနဲ့ အသိအမှတ် ဆက်ပြုဖို့၊ မြန်မာနိုင်ငံက သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့ အာဆီယံ ဆက်ဆံရေးထူထောင်ဖို့နဲ့ တီမောလတ်စတေနဲ့ အင်ဒိုနီးရှား မှာ လုပ်ဆောင်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စစ်ရာဇဝတ်မှုနဲ့ အရေးယူရေး အမှုတွေကို အာဆီယံက ထောက်ခံဖို့ စတာတွေကို တောင်းဆိုထားပါတယ်။
