နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာ

ပြစ်မှုကျူးလွန်ခဲ့တာမရှိတဲ့အတွက် ပုဒ်မ ၄၀၁၊ အပုဒ်ခွဲ (၁) ကို လက်မှတ်မထိုးခဲ့ဘူးလို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံသမ္မတဦးဝင်းမြင့်ကို ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်လို့ နေပြည်တော်ကမိသားစုဆီပြန်ရောက်ပြီး ကျန်းကျန်းမာမာ ရှိတယ်လို့ သတင်းရရှိပါတယ်။

မကြာသေးခင်က သမ္မတတာဝန်ယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်လက်မှတ်ထိုးထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့်အရ ပြန်လွတ်လာတာပါ။ ဒါပေမဲ့ သူ့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့တာမရှိတဲ့အတွက် ပုဒ်မ ၄၀၁၊ အပုဒ်ခွဲ (၁) ကို လက်မှတ်မထိုးခဲ့ဘူးလို့ သမ္မတ ဦးဝင်းမြင့်က ပြောတဲ့အကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

“သမ္မတကြီးက ဥပဒေသမားလည်းဖြစ်တယ်။ ဥပဒေကို ကောင်းကောင်းနားလည်ပါတယ်။ ၄၀၁ ရဲ့ သဘောက ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် လျှော့ပေါ့လိုက်တယ်။ နောင် အကယ်၍ ဒီပြစ်မှုမျိုး ထပ်ကျူးလွန်ရင် တပေါင်း တည်း ကျခံရမယ်ဆိုတဲ့ သဘောပါ။ အဲဒီတော့ သူက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘူး ငါးပါးသီလလုံခြုံတဲ့သူဖြစ် တယ်။ အဲဒီတော့ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံရပေမဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေ လက်မှတ်ထိုးရတဲ့ ၄၀၁ အပိုဒ် (၁) ကို သူလက်မှတ်မထိုးနိုင်ပါဘူး ဒါကိုအထက်ကို တင်ပြပါလို့ပြောတော့ အထက်ကို တင်ပြပြီးတဲ့အခါမှာ သူတို့တာဝန်ရှိလူတွေက ၄၀၁ အပိုဒ် (၁) ကိုဖတ်ပြမယ် သမ္မတကြီးကလည်း ကြားတယ် အဲဒါဆိုရင် လုံလောက်လို့ သူတို့ပြန်ပို့မယ်ဆိုပြီးတော့ အခုပြန်ပို့လိုက်တာပဲ ဖြစ်ပါတယ်”

ဧပြီလ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ခန့်အစိုးရရဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက လွတ်ငြိမ်းခွင့် အမိန့်ကို တောင်ငူအကျဉ်းထောင်မှာရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်ကို ဖတ်ပြတဲ့ချိန် လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့လို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့တော့ နေအိမ်ကျယ်ချုပ် ပြောင်းမယ်လို့ သတင်းတွေထွက်နေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ဗိုလ်ချုပ်တွေက နေပြည်တော်က နိုင်ငံတော်သမ္မတနေအိမ်ကို ဝင်ရောက်စီးနင်းပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ အာဏာရပါတီဖြစ်တဲ့ NLD ထိပ်ပိုင်းခေါင်းတွေကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် သမ္မတဦးဝင်းမြင့်ကို အမှုပေါင်း ရှစ်မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ပို့ထားတာပါ။

စစ်တပ်ခန့်အစိုးရက အကျဉ်းသား၊ အကျဉ်းသူ ၄၃၃၅ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းနဲ့ သေဒဏ် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် တစ်သက် ပြောင်းလဲကျခံဖို့ ပြစ်ဒဏ်တွေလျှော့ပေါ့ပေးကြောင်း မြန်မာ နှစ်ဆန်း ၁ ရက်၊ ဧပြီလ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ချွင်းချက်မရှိ အကြွင်းမဲ့လွှတ်တာမဟုတ်ပဲ နောက်တစ်ကြိမ် ပြစ်ဒဏ်ချမှတ်ခံရရင် လက်ရှိကျန်နေတဲ့ ထောင်ဒဏ်တွေကိုပါ ထပ်ပေါင်းကျခံရမယ်ဆိုတာ သိရှိကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းပြီးမှ လွှတ်ပေးတာဖြစ်ပါတယ်။