စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ CHRO တရားစွဲဆို

စစ်အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၁၄ ဦးကို အရေးယူဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အမှုဖွင့်။

အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ၁၄ ယောက်ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အရေးယူဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က တီမောလက်စ်တေနိုင်ငံ ဒလီမြို့က ခရိုင်တရားရုံးထံ အမှုတင်သွင်းလိုက်ကြောင်း မေလ ၄ရက်နေ့မှာ CHRO က သတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ CHRO တရားစွဲဆို စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ CHRO တရားစွဲဆို (RFA Video)

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က တင်ပြထားတဲ့ စစ်တပ်ကျူးလွန်တဲ့အမှုတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ သတင်းထောက်တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်တာ၊ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးနဲ့ ဘာသာရေးအဖွဲ့ဝင် သုံးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ စစ်လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးရတာတွေ ပါဝင်ပါတယ်။

ဒီအမှုတွဲကို CHRO က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ တီမောလက်စ်တေအစိုးရရဲ့ တရားရေးဌာနဆီ တင်ပြခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂ရက်နေ့မှာ လက်ခံလိုက်တာဖြစ်ပါတယ်။

CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က အခုကတော့ တီမောလက်စ်တေနိုင်ငံရဲ့ တရားရေးဌာနက ဒီအမှုတွေကို စတင်စုံစမ်းစစ်ဆေးဖို့အတွက် တရားရုံးကို လွှဲပေးလိုက်တာလို့ ပြောပါတယ်။

“ဒီအဆင့်က ကျွန်တော်တို့တင်တဲ့အမှုကို တီမောလက်စ်တေနိုင်ငံမှာ စီစစ်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သူတို့နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီပါတယ်ဆိုတာကို မီးမောင်းထိုးပြတာပေါ့။ အခု ဒီတရားရုံးက ကျွန်တော်တို့တင်တဲ့အမှုတွေကို သီးခြားလွတ်လပ်စွာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပြီလို့ ယူဆလို့ရတယ်။ ဒါက တိုးတက်မှုတစ်ခုဖြစ်တယ်”

ချင်းပြည်နယ်မှာ စစ်တပ်ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် တာဝန်ရှိသူတွေအဖြစ် စစ်အာဏာသိမ်းခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၁၄ ဦးကို အရေးယူဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အမှုဖွင့်ထားတာဖြစ်ပါတယ်။

မြန်မာစစ်ကော်မရှင်ဘက်ကတော့ တီမောနိုင်ငံက ဒီအမှုကို ဖေဖော်ဝါရီလ ၂ရက်နေ့က လက်ခံလိုက်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ရန်ကုန်မြို့မှာရှိတဲ့ တီမောသံရုံးတာဝန်ခံကို မြန်မာပြည်တွင်းကနေ အပြီးတိုင်ထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။