အာဏာသိမ်းစစ်ခေါင်းဆောင်အလိုကျဖွဲ့စည်းထားတဲ့ အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အွန်လိုင်းကနေတွေ့ဖို့ သဘောတူလိုက်တယ်လို့ The Straitstimes သတင်းစာမှာ မေလ ၇ ရက်နေ့ကဖော်ပြလိုက်ပါတယ်။
“မြန်မာနဲ့ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြားမှာ သဘောတူတယ်ဆိုတာ လုံးဝရှင်းရှင်း လင်းလင်းရှိပါတယ်” လို့ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်တဲ့ အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn ကရိုက်တာစ်သတင်းဌာနကိုပြောပါတယ်။
ဒီလိုတွေ့ဆုံဖို့အတွက်ဆုံးဖြတ်တာဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အကြံပေးတာလို့ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ အကြမ်းဖက်မှုတွေဆက်ရှိနေပြီး ဒေသတွင်းနိုင်ငံတွေ အတွက် စိုးရိမ်စရာဖြစ်တယ်” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က သူ့ရဲ့ ဖေ့ဆ်ဘွတ်စာမျက်နှာမှာရေးသားလိုက်ပါတယ်။ “မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပြဿနာတွေရဲ့အဖြေရဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့လိုအပ်နေသေးတယ်ဆိုတာကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကထပ်လောင်းပြောဆိုကြတယ်” လို့လည်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးကရေးသားထားပါတယ်။
