အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ဖိလစ်ပိုင်တောင်းဆို

သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်နိုင်မှာဖြစ်သလို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ဖြစ်လာနိုင်ဖို့ အထောက်အကူပြုနိုင်ဟုဆို။

နေအိမ်အကျယ်ချုပ် ပြောင်းလဲချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နဲ့ ခေတ္တဖြစ်ဖြစ် လူချင်းတွေ့ဆုံခွင့်ပေးဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက မေလ ၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ကျန်ရှိနေတဲ့ အပြစ်ဒဏ်ကာလကို နေအိမ် အကျယ်ချုပ်မှာ ပြောင်းလဲချုပ်နှောင်ထားပြီးနောက်ပိုင်း လက်ရှိအခြေအနေကို ပွင့်လင်းမြင်သာမှု ရှိရှိပြဖို့ လိုအပ်တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အခုလို အခြေအနေပြောင်းလဲမှုတွေကို မြန်မာနိုင်ငံ အတွက် ရေရှည်တည်ငြိမ်မှုရရှိစေရန် ယုံကြည်မှုတည်ဆောက်ရေး အဆင့်လိုက်လုပ်ငန်းစဉ်တွေအတွင်း အရေးကြီးခြေလှမ်းတွေ မြင်ချင်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ခန့်အစိုးရအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးဖို့လိုအပ်ပြီး ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်ကတိကဝတ်ရှိကြောင်း ပြသနိုင်မယ့် လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံအထူးသံတမန်ကို တွေ့ဆုံခွင့်ပေးခြင်းဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်နိုင် မှာဖြစ်သလို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်နိုင်ဖို့ အထောက်အကူပြုနိုင် တယ်လို့လည်း ဖိလစ်ပိုင်ဘက်က ပြောကြားထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို (Theresa Lazaro) က မြန်မာ့အရေးမှာ ဆက်လက်ပါဝင်ဆောင်ရွက်နေသူဖြစ်သလို စစ်အာဏာသိမ်း ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတမဖြစ်ခင် နေပြည်တော်မှာ တွေ့ဆုံခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုတောင်းဆိုထားသလို အာဆီယံအထူးသံတမန်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့ တွေ့ခွင့်ရရင် ပွင့်လင်းမြင်သာတဲ့နိုင်ငံရေးအပြောင်းအလဲတစ်ခု ရှိလာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

“အာဆီယံအထူးသံတမန်နဲ့သာ တွေ့ဆုံခွင့်ပေးမယ်ဆိုရင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုကို ပိုရနိုင်တာပေါ့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ၊ ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေးအပြောင်းအလဲတွေအတွက် အထောက်အကူဖြစ်နိုင်တာပေါ့၊ ဒါပေမယ့် တရုတ်ကြီးရဲ့ ခွင့်ပြုချက်မရရင် စစ်တပ်ကလာတဲ့သူတွေက ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ “

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က သတ်မှတ်ထားတဲ့ နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့က ပြောထားပေမယ့် အခုအချိန်ထိ ဘယ်သူနဲ့မှ တရားဝင် တွေ့ဆုံခွင့် မပေးသေးပါဘူး။ ဒါကြောင့်လည်း တရားဝင်ဆက်သွယ်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းက တောင်းဆိုနေတာပါ။

အသက် ၈၀ ကျော်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့် တချို့ ရခဲ့တာကြောင့် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။

အာဏာသိမ်းကာလ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀ တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေ အဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ မရှိပါဘူး။

ပြင်သစ်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့က ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ မေလ ၆ ရက်နေ့မှာ တောင်းဆိုထားပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ ကုလသမဂ္ဂတို့ကလည်း အလားတူ တောင်းဆိုမှုတွေ ပြုလုပ်ထားကြပါတယ်။