ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းတယ်ဆို တွေ့ခွင့်ပြုဖို့ သားအငယ်ပြော

ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့လို ဒါမှမဟုတ်လည်း အီတလီ သံအမတ်လို့ နိုင်ငံတကာသံတမန်နဲ့တွေ့တာမျိုးလိုချင်။

မေး - ကင်မ် ရဲ့ အမေကို ထောင်ဒဏ်လျှော့ပြီး သင့်တော်တဲ့အိမ်ကိုပြောင်းလိုက်တယ်လို့ စစ်အသွင် ပြောင်းအစိုးရကထုတ်ပြန်တဲ့အပေါ်ဘယ်လိုသဘောထားရှိလဲ။

ကင်မ်အဲရစ် -အမေ့ကို သူတို့နေအိမ်အကျယ်ချုပ်တကယ်ပြောင်းလိုက်တယ်ဆိုရင် ကျွန်တော်နဲ့ အဆက်အသွယ် လုပ်ဖို့ အမေ့ကိုခွင့်ပြုပေးသင့်ပါတယ်။ ဒါဟာ အခြေခံလူ့အခွင့်အရေးပါပဲ။ ဒါမှ မဟုတ်လည်း လွတ်လပ်တဲ့အဖွဲ့အစည်းမျိုး လူပုဂ္ဂိုလ်မျိုးနဲ့တွေ့ခွင့်ပေးပြီး အမေ့ကိုဘယ်မှာထားတယ်၊ အမေ့ကျန်းမာရေးဘယ်လိုရှိတယ်ဆိုတဲ့ သက်သေပြတာမျိုးလုပ်သင့်ပါတယ်။ မဟုတ်ပဲနဲ့တော့ အတိအကျထုတ်မပြောတဲ့ တစ်နေရာကနေတစ်နေရာကိုပြောင်းတာမျိုးပဲဖြစ်ပါလိမ့်မယ်။

မေး - ကင်မ်က ဘယ်လိုအဖွဲ့အစည်း ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့ သက်သေပြစေချင်တာလဲ။

ကင်မ်အဲရစ် -အဓိကကတော့ အမေနဲ့ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်ခွင့်ပေးမှဖြစ်မယ်။ ဒါမှမဟုတ်ရင်တော့ လွတ်လပ်တဲ့အဖွဲ့အစည်းဆိုတာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့လို ဒါမှမဟုတ်လည်း အီတလီ သံအမတ်လို့ နိုင်ငံတကာသံတမန်တွေဆိုလိုတာပါ။

မေး - ဒါဆိုတရုတ်သံတမန်နဲ့ပတ်သက်လို့ရော ဘာပြောချင်လဲ။

ကင်မ်အဲရစ် - တရုတ်တွေက အတော်လက်တွေ့ကျပါတယ်။ မြန်မာပြည်မှာ စစ်တပ်ကအာဏာယူထား သ၍ သူတို့ရဲ့ စီးပွားရေးတွေအောင်မြင်နိုင်ဖို့ အခွင့်အလန်းမရှိဘူးဆိုတာသူတို့ သဘောပေါက်ပါတယ်။

မေး - ခင်ဗျားရဲ့ အမေနဲ့တွေ့ခွင့်ရဖို့ရော နည်းလမ်းရှိနိုင်သေးလား

ကင်မ်အဲရစ် - ကျွန်တော်အမြဲပြောနေတာက အမေနဲ့အဆက်အသွယ်လိုချင်တယ်ဆိုတာပါပဲ။ ဒါကိုစစ်တပ်က ဘယ်တုန်းကမှ မတုန့်ပြန်ပါဘူး။ သူတို့က လုပ်ပေးမယ် မလုပ်ပေးဘူး ဆိုတာ ဘာမှပြန်မပြောပါဘူး။ ဒါကြောင့် မြန်မာပြည်ကို ကျွန်တော်သွားလို့ရမယ်ဆိုရင် အခုကိုသွားချင်ပါတယ်။ ဒါပေမဲ့ဖြစ်လာမယ်လို့ ကျွန်တော်မထင်ဘူးဗျာ။

မေး - ပြည်တွင်းပြည်ပ မြန်မာတွေကိုရော ကင့်မ်အနေနဲ့ ဘာသတင်းစကားပါးချင်လဲ။

ကင်မ်အဲရစ် - ဒီမိုကရေစီရဖို့ လုံးဝလက်မလျှော့ပါနဲ့။ မြန်မာပြည်မှာ ဒီမိုကရေစီပြန်ထွန်းကားလာမှာ ပါ။ ဒီအတွက် ခရီးရှည်ကြီးသွားစရာမလိုတော့ပါဘူး၊ ဒါပေမဲ့ အချိန်တခုတော့စောင့်ရပါလိမ့်မယ်။ အခွင့်အရေး တွေရဖို့ ဘယ်လိုတိုက်ပွဲဝင်နေရလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရှုံးပေးမှာမဟုတ်ပါဘူး။

ကျေးဇူးတင်ပါတယ်