ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်တောင်းဆို

ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေရှိတဲ့အတွက် သင့်လျော်တဲ့ ဆေးဝါးကုသမှုပေးဖို့လည်း တောင်းဆို။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက မေလ ၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ အကျဥ်းထောင်ကနေ နေအိမ် တစ်အိမ်ကို ပြောင်းရွေ့ အကျဥ်းကျခံဖို့ စစ်တပ်ခန့် အစိုးရအမိန့် ထွက်ပေါ်လာအပြီး နောက်နေ့ မှာ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက အခုလို ပြောဆိုလိုက်တာဖြစ်ပြီး သူ့ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေရှိတဲ့ အတွက် သင့်လျော်တဲ့ ဆေးဝါးကုသမှုပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

တချိန်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်‌ ပြောင်းရွှေ့တဲ့ သတင်းတွေကို EU က ကြားသိရပြီး သူရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်စေဖို့ နဲ့ မိသားစု၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့လည်း တောင်းဆိုကြောင်း EU နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒ ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Anitta Hipper က မေလ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အလားတူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာကို သိရှိရကြောင်း၊ မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးအကျဥ်းချခံနေရတဲ့ အကျဥ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂ ဒု ပြောရေးဆိုခွင့် ရှိသူက မေလ ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မေလ ၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ သီးသန့် နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေ ကျခံဖို့ စစ်တပ်ခန့်အစိုးရက ကြေညာခဲ့ပါတယ်။

လူသားချင်းစာနာထောာက်ထားမှုကိုအလေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ပြောင်းရွှေ့ပေးတာလို့ဆိုပါတယ်။ သတ်မှတ်ထားတဲ့နေအိမ်လို့ ဆိုပေမဲ့ ဘယ်မြို့က ဘယ်နေအိမ်ကို ပြောင်းရွေ့ အကျဥ်းချထားသလဲဆိုတာ အတိအကျကို ထုတ်ပြန်ချက်မှာ ‌ဖော်ပြမထားပါဘူး။

အာဏာသိမ်းကာလ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀ တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ မရှိပါဘူး။