နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်း

MRTV က သတင်းကြေညာရာမှာလည်း ဗီဒီယို မထုတ်ပြန်ဘဲ စစ်ယူနီဖောင်းဝတ်နှစ်ဦးနဲ့ ရဲယူနီဖောင်းဝတ်တစ်ဦးတို့နဲ့အတူ ထိုင်စကားပြောနေတဲ့ ဓာတ်ပုံကိုသာ ထုတ်ပြန်ခဲ့။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ သတ်မှတ်လိုက်တယ်လို့ စစ်တပ်ခန့်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းဌာနက ဧပြီလ ၃၀ ရက်နေ့မှာ ကြေညာပါတယ်။

လူသားချင်းစာနာထောာက်ထားမှုကိုအလေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ပြောင်းရွှေ့ပေးတာလို့ဆိုပါတယ်။ သတ်မှတ်ထားတဲ့နေအိမ်လို့ ဆိုပေမဲ့ ဘယ်မြို့က ဘယ်နေအိမ်ကို ပြောင်းရွေ့ အကျဥ်းချထားသလဲဆိုတာ အတိအကျကို ထုတ်ပြန်ချက်မှာ ‌ဖော်ပြမထားပါဘူး။

ဒီကြေညာချက်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ဧပြီ ၃၀ ရက်နေ့က ကြေညာရာမှာမှာလည်း သတင်းဗီဒီယို မထုတ်ပြန်ဘဲ စစ်ယူနီဖောင်းဝတ် နှစ်ဦးနဲ့ ရဲယူနီဖောင်းဝတ် တစ်ဦးတို့ အတူထိုင်စကားပြောနေတဲ့ ဓာတ်ပုံကိုသာ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဒုဝန်ကြီးအဆင့်ရှိတဲ့ အိမ်ယာတစ်ခုမှာ ပြောင်းရွှေ့ထားပြီး ဒုတိယ ဗိုလ်မှူးကြီးတင်အောင်ထွန်း ဦးဆောင်တဲ့ အဖွဲ့က မတ်လကနေစလို့ လုံခြုံရေးတာဝန်ယူထားတာလို့ စစ်ကောင်စီခန့် အစိုးရနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ် တချို့က RFA ကိုပြောပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို စစ်တပ်ခန့် အစိုးရက ထပ်လျှော့ပေးခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ဦးတည်လျှော့ပေါ့ပေးတာမျိုး မဟုတ်ဘဲ အခုထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်မှာ ချွင်းချက်မပါတဲ့အတွက် အကျုံးဝင်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၈၀ ကျော် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံခဲ့ရတာပါ။

မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်မှာ ထောင်ဒဏ် ၂၇ နှစ်ရဲ့ ခြောက်ပုံတစ်ပုံ ပထမအကြိမ် လျှော့ပေးခဲ့တာကြောင့် ၂၂ နှစ်နဲ့ ၆ လ ကျခံဖို့ ကျန်ရှိခဲ့ပါတယ်။ လက်ရှိ ထပ်မံလျှော့ပေးချက်အရ ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လ ကျခံရဖို့ ရှိနေပါတယ်။

လက်ရှိမှာ ဖမ်းဆီးအကျဉ်းချခံထားရတာ ၅ နှစ်ကျော်လာပြီ ဖြစ်တာကြောင့် ထောင်ဒဏ် ဆက်လက် ကျခံရဖို့ ၁၃ နှစ်ကျော် ကျန်ရှိတယ်လို့ နားလည်ရပါတယ်။

ထောင်ဒဏ်လျှော့ပေါ့တာဟာ လွတ်မြောက်တာ မဟုတ်သလို အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထား ခံရဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြပေးဖို့အတွက် သားဖြစ်သူ ကင်မ်အဲရစ်က ဧပြီလ ၃၀ ရက်နေ့မှာ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာက တဆင့် တောင်းဆိုထားပါတယ်။

စစ်တပ်ခန့် အစိုးရဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်လျှော့ပေါ့မှုတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းနဲ့ သူ့အတွက် ကောင်းမွန်တဲ့အရာတွေ စဉ်းစားနေကြောင်း စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) နဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။

အာဏာသိမ်းကာလ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ မရှိပါဘူး။

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သားဖြစ်သူ ကင်မ်အဲရစ်အပါအဝင် အရပ်ဘက်အဖွဲ့တွေက ဧပြီလတတိယပတ်ကစလို့ ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်နေပါတယ်။