ဒေါ်အောင်ဆန်းစုကြည်အတွက် အကောင်းတွေ မြန်မာစဥ်းစားနေဟု ထိုင်းဝန်ကြီးပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူ့အတွက် အကောင်းတွေ စဥ်းစားနေဟု စစ်ခေါင်းဆောင်ဟောင်းပြောဟုဆို။

မြန်မာအနေနဲ့ ဖမ်းဆီးအကျဥ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတွက် အကောင်းတွေ စဥ်းစားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ဧပြီလ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၂ ရက်နေ့က နေပြည်တော်ကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြား‌ရေး ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့် အစိုးရအဖွဲ့ သမ္မတ ဦးမင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာလို့လည်း မစ္စဆီဟာဆတ်က ပြောပါတယ်။

“အာဆီယနိုင်ငံအများအပြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ပြောတဲ့အခါမှာ ဦးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထားကြောင်း၊ ဒါ့အပြင် သူ့အတွက် အကောင်းတွေကို စဥ်းစားနေကြောင်းပြောပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်”လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲအပြတ်သတ်နဲ့အနိုင်ရထားတဲ့ NLD ပါတီအကြီးအကဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချခံရပြီး အဂတိလိုက်စားမှုအပြင် ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ချုပ်နှောင်ထားသလဲဆိုတာကိုတော့ အခုအချိန်အထိ တိတိကျကျ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ရွေးကောက်ပွဲအပြီး တက်လာတဲ့ စစ်တပ်ခန့်အစိုးရသစ်လက်ထက် ပထမဆုံး ရောက်ရှိလာတဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ နယ်စပ်ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အာဆီယဒေသတွင်း ဆက်ဆံရေးတိုးမြင့်ဖို့ ကိစ္စတွေအတွက် ရောက်ရှိလာတာလို့ သိရပါတယ်။

ပထမဆုံး ရည်ရွယ်ချက်က ဦးမင်းအောင်လှိုင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ရောက်လာတာဖြစ်ပြီး ဒုတိယအချက်ကတော့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့နဲ့ တတယ်အချက်ကတော့ အာဆီယံနဲ့ မြန်မာအကြား အထိအတွေ့ပိုများလာစေဖို့အတွက်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီခရီးစဥ်မှာ အာဆီယ ဘုံသဘောတူညီချက် မူဝါဒ ၅ ရပ်ကို အခုထိ အကောင်အထည် မဖော်သေးတဲ့ အကြောင်းနဲ့ ဒီကိစ္စတွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ အကောင်အထည်ဖော်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ဦးဆောင်ပါဝင်ဖို့ အသင့်ရှိကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်ဟောင်းကို ပြောခဲ့တယ်လို့ သိရပါတယ်။