ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အရပ်ဘက် အဖွဲ့တွေ တောင်းဆိုု

ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံ၊ အမေရိကန်နဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ အလေးထားဖိအားပေးဖို့ပါဝင်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက် ရေး ထိရောက်တဲ့ ဖိအားပေးတောင်းဆိုမှုတွေ ပြုလုပ်ပေးဖို့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၈ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့မှာ စုပေါင်းတောင်းဆို လိုက်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံ၊ အမေရိကန်နဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံ‌တွေ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အထူးအလေးထား ကြိုးစားဆောင်ရွက်ဖို့၊ စစ်တပ်အသွင်ပြောင်း အစိုးရကို အသိအမှတ်မပြုဖို့အတွက် တောင်းဆိုလိုက်တာပါ။

ဒီအပြင် အရပ်သားတွေအပေါ် လေကြောင်းဗုံးကြဲမှုတွေ ရပ်တန့်ရေး လေယာဉ်ဆီ ဖြတ်တောက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာ စစ်တပ်ကို နိုင်ငံတကာဥပဒေတွေအရ အရေးယူနိုင်ရေး ကြိုးပမ်းဖို့နဲ့ အဲဒီလို ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်ရေး ထိရောက်မြန်ဆန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုတယ် လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ တောင်းဆိုတာဖြစ်ပြီး အခုတောင်းဆိုလိုက်တဲ့ အဖွဲ့အစည်းတွေဟာ ဧပြီလ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၂ ရက်ကြာမြင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး အပြာရောင် လှုပ်ရှားမှု (Blue Shirt Campaign) ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ခန့် အစိုးရက နိုင်ငံတကာကို လှည့်ဖြားဖို့အတွက် နိုင်ငံရေးအကျဉ်းသားနည်းစုကို လွှတ်ပေးခဲ့ပေမဲ့ အကျဉ်းထောင်တွေထဲ အများအပြားကျန် ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး နိုင်ငံတကာက ဖိအားပေးဖို့ တောင်းဆိုတာလို့ အခုလှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“နိုင်ငံတကာဖိအားတွေကြောင့် အခါကြီးရက်ကြီးတွေမှာ လွတ်ငြိမ်းခွင့်ဆိုပြီး နိုင်ငံတကာကို လှည့်ဖြားဖို့ ကြိုးစားပေမဲ့ တကယ့်လက်တွေ့မှာက နိုင်ငံရေးအကျဉ်းသားပါဝင်မှုက အင်မတန်နည်းပါတယ်။ အာဏာသိမ်းချိန်ကစလို့ နိုင်ငံရေးအကျဉ်းသား သုံးသောင်းကျော်လောက်ဖမ်းဆီးခံခဲ့ရပြီးမှ လက်ရှိ အခြေအနေမှာ နိုင်ငံရေးအကျဉ်းသား တစ်သောင်းခွဲကျော် အနည်းဆုံး ကျန်နေသေးပါတယ်။ ဒါကြောင့် ကျနော်တို့ အဓိက ရည်ရွယ်တာက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ စစ်တပ်အပေါ်မှာ ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဖို့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ များစွာရှိနေသေးတယ်ဆိုတာကို နိုင်ငံတကာကို ပိုပြီးမှ ထိထိရောက်ရောက်နဲ့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေလုပ်ပေးဖို့ ကျနော်တို့ တိုက်တွန်းတာ ဖြစ်ပါတယ်”

နိုင်ငံရေးအကျဉ်းသားတွေဟာ လူသားအရင်းအမြစ်တွေ၊ မိသားစုတွေရဲ့ အားကိုးရသူတွေ၊ နိုင်ငံအတွက် အားကိုးရသူတွေဖြစ်လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ မြန်မာပြည်သူလူထု လွတ်မြောက်ရေး အတွက် ခြေလှမ်းအစဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း သုံးသောင်းကျော် (၃၀၈၇၅ ဦး) ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက နှစ်သောင်းကျော် (၂၂၁၃၁ ဦး) ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ မှတ်တမ်းတွေအရ နိုင်ငံရေးအကျဉ်းသား ၂၇၉ ဦးဟာ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာနဲ့ အရေးပေါ်ဆေးကုသခွင့်မရတာတွေကြောင့် သေဆုံးခဲ့ပါတယ်။