မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိတွေ့ဆက်ဆံမှု ပိုများလာစေရေး အာဆီယံနိုင်ငံတွေ အကြား ဘုံသဘောထားရှာနိုင်ရေး ထိပ်တန်းသံအရာရှိတွေနဲ့ ဆွေးနွေးဖို့ မြန်မာနိုင်ငံက စစ်တပ် ကျောထောက် နောက်ခံ ပေးထားတဲ့ စစ်တပ်ခန့်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖို့ စီစဥ်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow)က မေလ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်ဗိုလ်ချုပ်ကြီးတွေက ဖမ်းဆီးအကျဥ်းချပြီး စစ်အာဏာသိမ်းခဲ့တဲ့အတွက် ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အာဆီယံ အဖွဲ့ကြီးက မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်တား မြစ်ခဲ့ပါတယ်။
၂၀၂၅-၂၀၂၆ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ အဝေဖန်အခံရဆုံး မြန်မာရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအများစုနဲ့ ရွေးကောက်ပွဲအနိုင်ရပြီးစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီလက သမ္မတအဖြစ် ဝင်ရွေးခံပြီး နိုင်ငံရေးအာဏာကို ရယူခဲ့ပါတယ်။ သမ္မတတစ်ဖြစ်လဲ ဦးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လူချင်းတွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အစိုးရသစ်နဲ့ ဆက်ဆံရေးပြန်လည် ထူထောင်ဖို့ ကြိုးပမ်းသွားမယ့် အကြောင်းလည်း ပြောပါတယ်။
ဒီအစည်းအဝေးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တရားဝင်ဆွေးနွေးပွဲကာလ သီးသန့် ဆွေးနွေးပွဲအနေနဲ့ လုပ်ဖို့ရှိပါတယ်လို့ ရိုက်တာသတင်းဌာနနဲ့ မေးမြန်းချက်မှာ မစ္စတာဆီဟာဆတ်က ဖြေထားပါတယ်။
“အဲဒီဆွေးနွေးပွဲမှာ မြန်မာခေါင်းဆောင်ပိုင်းအနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တင်ပြနိုင်ပြီး သူတို့ ဘာဆက်လုပ်ကြမလဲဆိုတာကို ကျနော်တို့ သိနိုင်မှာပါ။ အဲဒီကမှ ကျနော်တို့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတာ တဆင့်ချင်းဆွေးနွေးလုပ်ဆောင်သွားရမှာပါ။”
ဒီသတင်းနဲ့ပတ်သက်လို့ မြန်မာဘက်က တစ်စုံတစ်ရာတုန့်ပြန်ပြောဆိုတာမရှိဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်ခရီးမှာ အာဆီယ ဘုံသဘောတူညီချက် မူဝါဒ ၅ ရပ်ကို အခုထိ အကောင်အထည် မဖော်သေးတဲ့ အကြောင်းနဲ့ ဒီကိစ္စတွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ အကောင်အထည်ဖော်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ဦးဆောင်ပါဝင်ဖို့ အသင့်ရှိကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်ဟောင်းကို ပြောခဲ့တယ်လို့ သိရပါတယ်။
