စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ပိုင်းက ရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရွာတချို့ကို မီးရှို့ခဲ့တာကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အင်အား ၅၀၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကောလင်းမြို့နယ်ဘက်ကနေ ရွှေဘို-မြစ်ကြီးနား ကားလမ်းနဲ့ မီးရထားလမ်းတစ်လျှောက် စစ်ကြောင်း သုံးကြောင်းခွဲပြီး ကန့်ဘလူမြို့နယ်ထဲကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းတွေကြောင့် ကောလင်းမြို့နယ်ထဲက ရွာ ငါးရွာနဲ့ ကန့်ဘလူမြို့နယ်ထဲက ရွာ ရှစ်ရွာမှာရှိတဲ့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းက ပေါက်ဆိန်ကုန်းမှာတော့ ရောက်ခဲ့ပြီ။ ကောလင်းက ဆင်းလာတဲ့ စစ်ကြောင်းတွေနဲ့ ကန့်ဘလူထဲက နယ်မြေခံ ပျူတွေ၊ စစ်သားတွေနဲ့လည်း ပေါင်းသွားတာပေါ့။ ရှောင်ရတဲ့ရွာတွေက များတယ်။ အင်အားကလည်း များတာကိုး။ ပြီးတော့ စစ်ကြောင်းကလည်း ကားလမ်းအတိုင်း တစ်ခုတည်းမဟုတ်ဘဲ ဖြန့်ပြီးလာတာဆိုတော့ ပတ်ချာလည်က အကုန်ရှောင်နေရတာပါ”
ကောလင်းမြို့နယ်တွင်းက ဥတုံးပင်၊ တောင်ပုံ၊ ဇီးခုံ၊ ကြို့ခုံ၊ ဝါးရုံခုံနဲ့ ကန့်ဘလူမြို့နယ်တွင်းက ဟင်သော်၊ အုပ်ရှစ်ကုန်း၊ ကိုးတောင်ဘို့၊ ရှော်ဖြူကုန်း၊ ဇီးကနား၊ ဇော်ချောင်း၊ သင်တောနဲ့ ပေါက်ဆိန်ကုန်းရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျှောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတချို့ကို မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းက ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းဘေးမှာရှိတဲ့ ဇော်ချောင်းနဲ့ သင်တောရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနေ့ မနက်ပိုင်းမှာပဲ နောက်ထပ် စစ်ကြောင်းတစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်အစပ် ကောလင်းမြို့နယ်ထဲက ဥတုံးပင်ရွာကို ဝင်ရောက်စီးနင်းပြီး ရွာခံ ၁၅ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်၊ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ မီးရထားလမ်းတစ်လျှောက် လေကြောင်းပစ်ကူနဲ့ ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေက ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတချို့ ဖမ်းမိထားတယ်လို့လည်း နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကြောင်းတွေ စဝင်တဲ့အချိန်ကတည်းက လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာလို့ ကန့်ဘလူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့အနေနဲ့ ရွှေဘို-မြစ်ကြီးနားလမ်းကို စိုးမိုးမှုလိုချင်တာလို့ ကြားတယ်။ စစ်ကြောင်း စလာကတည်းက Y-12 နဲ့က ၁၅ ကြိမ် ကြဲသွားတယ်။ ဂျက်ဖိုက်တာနဲ့ကလည်း တစ်ရက်ကို နှစ်စီး နေ့တိုင်းကြဲနေတာပေါ့။ စစ်ကြောင်းရှေ့ပြေးသွားတဲ့နေရာတွေရော နောက်ပွိုင့်ကျန်တဲ့နေရာတွေရော လိုက်ကြဲနေတာပါ။ ဒီဘက်ကလည်း စစ်ကြောင်းတွေကို ရှေ့မတိုးနိုင်အောင် ခုခံတိုက်ခိုက်တာတွေရှိပါတယ်”
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့် ရှိသူ၊ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူ လမ်းကြောင်းနဲ့ အင်းတော်-ကျောက်တန်း-စပယ်နံ့သာ လမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ဖို့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကောလင်းမြို့၊ ၁၃ ရက်နေ့မှာ ကိုးတောင်ဘို့ရွာနဲ့ ၁၅ ရက်နေ့မှာ သင်တောနဲ့ ဥတုံးပင်ရွာတွေကို ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း၊ လမ်းကြောင်းတစ်လျှောက် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးတွေ ဆက်လုပ်နေကြောင်းလည်း ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာနေရသူ လေးသန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းတစ်ခုတည်းမှာပဲ ၁ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။
