ICJ ရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချက် ဂါဇာအရေးကိုပါ ရိုက်ခတ်နိုင်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုအတွက် ချမှတ်မဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံအတွက်သာမကဘဲ ဂါဇာဒေသမှာ ပါလက်စတိုင်းအရပ်သား အများအပြား သေဆုံးစေခဲ့မှုနဲ့ အစ္စရေးနိုင်ငံကို စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကိုပါ ရိုက်ခတ်စေမယ့် စီရင်ချက်ဖြစ်မယ်လို့ နိုင်ငံခြားမူဝါဒရေးရာမဂ္ဂဇင်းဖြစ်တဲ့ Foreign Policy မဂ္ဂဇင်းက နိုဝင်ဘာလ ၁၈ ရက်နေ့က ရေးသားလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ က Peace Palace ခမ်းမမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ မြန်မာနဲ့ဂမ်ဘီယာအမှု စီရင်ချက်ကို ဖတ်ကြားမှာဖြစ်ပြီး အများပြည်သူ တက်ရောက် နားထောင်ခွင့်ရှိတဲ့ တရားခွင်အဖြစ် ကျင်းပမှာဖြစ်တယ်လို့ နိုဝင်ဘာလ ၃ ရက်နေ့က ICJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က စစ်တပ်က လုပ်ဆောင်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

စစ်ဆင်ရေး နှစ်လခွဲကာလအတွင်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာထောင်နဲ့ချီ သတ်ဖြတ်ခဲ့ပြီး ရိုဟင်ဂျာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာ၊ ကျေးရွာပေါင်း ၄၀၀ ခန့်ကို မီးရှို့ ဖျက်ဆီးတာတွေကြောင့် ရိုဟင်ဂျာမွတ်စလင် ၇ သိန်းခန့် နတ်မြစ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ပေးဖို့၊ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့၊ ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ပြန်လည်ကုစားမှုတွေ ပေးဖို့နဲ့ အလားတူ ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် အာမခံချက်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း မြန်မာဘက်က ကန့်ကွက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ICJ က မြန်မာဘက်က ကန့်ကွက်ချက်တွေကို ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အလားတူ ဂါဇာဒေသက ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တောင်အာဖရိကနိုင်ငံကလည်း အစ္စရေးနိုင်ငံကို ICJ တရားရုံးမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တရားစွဲဆိုထားပါတယ်။