ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်မှာဖြစ်နေတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုပါ ကျည်ဆန်တွေကျရောက်ပြီး ထိုင်းအရပ်သားတွေထိခိုက်တာ၊ ထိုင်းဒေသခံတွေရဲ့နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးတာတွေ ဖြစ်လာပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ကတော့ သံလွင်မြစ်ကမ်းဘေးမှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သော်လဲထစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံ မဲ့စန်လက် (Mae Sam Laep) ရွာမှာ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေနဲ့ အိမ်တွေအပါအဝင် အဆောက်အအုံ ၁၇ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ထိုင်းဘုရင့်လေတပ်က F-16တိုက်လေယာဉ် နှစ်စင်းကို အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်အရ နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ထိုင်းတော်ဝင်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာစစ်တပ်ခန့်အစိုးရကို ထိုင်းနိုင်ငံပိုင်နက်နဲ့ အရပ်သားတွေမထိခိုက်အောင် သတိထားဖို့ အသိပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ နယ်စပ်မှာနေတဲ့သူတွေကို ရှောင်ရှားဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပြီး လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ ထိုင်းဘက်ခြမ်းမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်က RFA ကို ပြောပါတယ်။
“ထိုင်းဘက်ခြမ်းကတော့ ချောင်းဘေးနဲ့နီးတဲ့နေရာ၊ မလှမ်းမကမ်းတွေကရော အကုန်လုံးရှောင်ဖို့ ထိုင်းစစ်တပ် က အထူးသတိပေးထားတယ်။ လုံခြုံရေးကလည်း အရမ်းတင်းကျပ်တယ်။ စစ်တပ်က လုံခြုံရေးတွေလည်း တော်တော်လေးချထားတယ်။ လက်နက်တွေလည်း သူတို့အဆင်သင့်ပဲ ထောင်ထားတယ်”

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း မြဝတီမြို့နယ် မင်းလက်ပံရွာနားကတိုက်ပွဲတွေအတွင်း ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီးကျည်နဲ့ ကျည်ဆန်တွေကျခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မဟာဝမ်ဒေသကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
KNU တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ ညွှန်ကြားထားတယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။
“စစ်အုပ်စုကတော့ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးကို ကရုမစိုက်သလို လုပ်ချင်သလိုလည်း လုပ်နေတယ်ဆိုတာ အမြဲတမ်းတွေ့ရှိနေရတာဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ တစ်ဖက်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို ကျူးလွန်မှုမဖြစ်စေဖို့ အမြဲတမ်း တပ်မှူးတွေက တပ်သားတွေကို ညွှန်ကြားထားတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့တာရှိတယ်ဆိုတာ ကျွန်တော်တို့ဘက်ကတော့ အတိအလင်းပြောလို့ရပါတယ်”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်းကတော့ နယ်စပ်တစ်လျှောက် ကင်းလှည့်တာတွေ တိုးမြှင့်ဖို့နဲ့ စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှုတွေ အတတ်နိုင်ဆုံးရှောင်ရှားဖို့ ထိုင်းစစ်တပ်ကို ညွှန်ကြားထားတယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြောပါတယ်။
ဗုံးဆံတွေ ကျရောက်ခဲ့တဲ့ သော်လဲထရဲ့ တစ်ဘက်ကမ်း မဲ့စန်လက်ဒေသ (Mae Sam Laep) က အာဏာပိုင်တွေနဲ့ ဒေသခံတွေကလည်း မြန်မာစစ်တပ်အနေနဲ့ နယ်စပ်နားက စစ်ဆင်ရေးတွေ ရပ်တန့်ဖို့နဲ့ လုံခြုံရေးဇုန်တစ်ခု သတ်မှတ်ဖို့ ထိုင်းအစိုးရကတစ်ဆင့် တောင်းဆိုထားပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံဘက်က တုံ့ပြန်နိုင်ဖို့ ပြင်ဆင်လာတဲ့သဘောရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။
“လက်ရှိအခြေအနေအရ ထိုင်းအစိုးရအနေနဲ့ မြေပြင်အနေအထားကို ပိုပြီးတော့ အလေးထားပြီး အပြည့်အဝ ကာကွယ်ပေးဖို့၊ အခု ထိုင်းဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် လိုအပ်သလို ပြင်ဆင်ထားရှိဖို့ ပြောဆိုလာတာမျိုးတွေဖြစ်တဲ့အတွက် သူတို့ အရင်လို ပုံမှန်ဆက်ဆံရေးအပြင် နယ်စပ်လုံခြုံရေးကို တိတိကျကျကာကွယ်နိုင်ဖို့ ပိုပြီးတော့အလေးထားလာတဲ့ သဘောထားရှိတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ပိုပြီးပြင်ဆင်လာနိုင်တဲ့ အခြေအနေတော့ရှိနေတယ်လို့ယူဆရတယ်”
လက်ရှိမှာတော့ ဒေသခံတွေစိုးရိမ်နေကြပြီး ကုန်သွယ်ရေးတွေလည်း ထိခိုက်လာနေပါတယ်။
ဒီအခြေအနေကြောင့် မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တွေက တရားဝင်နယ်စပ်ဂိတ်တွေမဟုတ်တဲ့ ကုန်သွယ်ရေးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာလ ၃၀ ရက်ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ယာယီရပ်ဆိုင်းထားပါတယ်။
