လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ စုံစမ်းရေးယန္တယားအဖွဲ့ခေါင်းဆောင်တို့ သတင်းစာရှင်း

စစ်လက်နက်ပစ္စည်းဝယ်တဲ့နေရာမှာ တရားမဝင်စီးပွားရေးတွေက အဓိကမောင်းနှင်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက စစ်ပွဲတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ ဆက်စပ်နေတဲ့အပေါ် အတော်စိုးရိမ်စရာကောင်းတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ် မစ္စ ကယ်လီ ကာရီ (Kelley E. Currie) က ပြောလိုက်ပါတယ်။

စစ်အာဏာပိုင်တွေလိုအပ်တဲ့ စစ်လက်နက်ပစ္စည်းဝယ်တဲ့နေရာမှာ အဲဒီတရားမဝင်စီးပွားရေးတွေက အဓိကမောင်းနှင်နေတယ်လို့ သူကပြောပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ ကျောက်မျက်နဲ့ သတ္တုတူးဖော်ရေးတွေ၊ အဓမ္မလုပ်အားပေးစေခိုင်းတာတွေရှိပြီး ဒီလုပ်ငန်းတွေကို ဆက်သွယ်ရေးနဲ့ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာအနေနဲ့ ဘယ်လိုအရေးယူမလဲဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဖြစ်တယ်လို့ မစ္စကယ်လီ ကာရီ ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) နဲ့အတူ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဟာ ကပ်ဘေးလိုဆက်ပြီးဆိုးဝါးနေတယ်လို့ သူကပြောပါတယ်။

စစ်အာဏာပိုင်တွေဟာ အရပ်သားတွေ အကြောက်တရားဝင်အောင် သူတို့ကိုရော၊ သူတို့ရှိတဲ့နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီး လေကြောင်းတွေ၊ လက်နက်ကြီးတွေအပါအဝင် တခြားလက်နက်မျိုးစုံသုံးပြီး တိုက်ခိုက်နေသေးတယ်လို့ မစ္စကယ်လီ ကပြောပါတယ်။

မြန်မာပြည်မှာ အာဏာရစစ်တပ်ရော၊ အာဏာရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကပါ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုတွေမှာ ပတ်သက်နေတယ်လို့ သူကထောက်ပြပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ် လည်းပါဝင်ပြီး အာဏာရမဟုတ်တဲ့လက်နက်ကိုင်တပ်က အကြမ်းဖက်မှုနဲ့ အဓမ္မစစ်သားစုဆောင်းတာတွေရှိနေတယ်လို့ မစ္စကယ်လီ ကပြောပါတယ်။

နောက်တစ်ချက်က အရပ်သားတွေကိုအကြမ်းဖက်တိုက်ခိုက်တာလျော့အောင်၊ အာဆီယံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်လာအောင်ဆိုတာတွေ လုပ်ဆောင်တာမျိုးမရှိပဲ ဒေသတွင်းနိုင်ငံတွေရော၊ ဒေသ တွင်းမဟုတ်တဲ့နိုင်ငံတွေကပါ မြန်မာစစ်အာဏာပိုင်တွေနဲ့ မူမဲ့ဆက်ဆံတာမျိုးတွေက စိုးရိမ်စရာကောင်းတယ်လို့ မစ္စကယ်လီ ကပြောပါတယ်။

အဲဒီအချက်တွေမလိုက်နာပဲနဲ့ မြန်မာစစ်အာဏာပိုင်တွေကို ပုံမှန်အတိုင်း ပြန်အသိအမှတ် ပြုတာမလုပ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေကို သူကတိုက်တွန်းလိုက်ပါတယ်။ အဲဒီအပြင် ထိတွေ့ဆက်ဆံတာကို မြန်မာစစ်အာဏာပိုင်တွေနဲ့ တင်မဟုတ်ပဲ၊ ဒီမိုကရေစီရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့တွေ အပါအဝင် သက်ဆိုင် ရာအဖွဲ့အားလုံးနဲ့ဆက်ဆံဖို့၊ လူသားချင်းစာနာမှုအကူအညီကို စစ်အာဏာပိုင်တွေထိမ်း ချုပ်ထားတဲ့ဒေသတွေချည်းပဲပေးတာမျိုးမဟုတ်ပဲ ဒေသအားလုံးကို ဖြန့်ဝေနိုင်အောင်လုပ်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

နောက်ဆုံးတချက်အနေနဲ့ မြန်မာနိုင်ငံဟာ ပဋိပက္ခပြင်းထန်နေသေးတဲ့တိုင်းပြည်ဖြစ်တဲ့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို လုံးဝပြန်မပို့ဖို့ မစ္စကယ်လီက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် ကလည်း၊ သူတို့အဖွဲ့က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံနေရာတွေကို တိုက်ခိုက်တာတွေ၊ အွန်လိုင်းပေါ်မှာ အမုန်းတရားဖြန့်နေတာတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားတယ်လို့ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ပတ်သက်တဲ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက် မကြာခင်ထွက်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း နီကိုလပ်စ် ကုန်ဂျမ် ကပြောပါတယ်။ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်တို့ကို တရားစွဲထားတဲ့ အာဂျင်တီးနားတရားရုံးကိုလည်း IIMM မှာစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေ မျှဝေပေးထားတယ်လို့ပြောပါတယ်။