မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒမှာ ငြိမ်းချမ်းရေး၊ မြေရှားသတ္တုဝယ်ယူရရှိရေးတွေပါဝင်

၂၀၃၀ မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ အမေရိကန်စီးပွားရေးနဲ့ နိုင်ငံရေးသြဇာချဲ့ဖို့ ဦးတည်ထားဟုဆို။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို၊ အမေရိကန်နဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ အမေရိကန်နိုင်ငံသားတွေ အကာကွယ် ပေးဖို့တွေပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်မဟာဗျူဟာ စာတမ်းကို အမေရိကန် နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာတမ်းဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံရုံးအတွက် ပြုစုထားတာဖြစ်ပြီး အမေရိကန်အကျိုးစီးပွားကို ပထမဦးစားပေးထားတဲ့ သမ္မတထရန့်ရဲ့ မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

ဒီစာတမ်းမှာ အမေရိကန်အစိုးရအနေနဲ့ သံတမန်ရေးရာ လမ်းကြောင်းကတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံမှာ အမေရိကန် သြဇာချဲ့ထွင်ဖို့၊ ကုန်သွယ်ရေး တိုးမြှင့်ပြီး မြန်မာနိုင်ငံက မြေရှားသတ္တု (rare-earth)များ တိုက်ရိုက်ဝယ်ယူခွင့်ရဖို့အထိ ရည်ရွယ်ထားတယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။

ဒီအမေရိကန်မူဝါဒသစ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ကျဥ် ထားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် အမေရိကန်ဘက်က သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲ ဖြစ်ပြီး မြန်မာ့အရေးမှာ ပိုပြီး ပါဝင်ပတ်သက်လာအပြီး ၂၀၃၀ မတိုင်ခင် ငြိမ်းချမ်းရေးရရှိပြီး အမေရိကန်စီးပွားရေးနဲ့ မဟာဗျူဟာသြဇာ လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ထားတဲ့ သဘောလို့ ဝါရှင်တန်ကလာတဲ့ ရိုက်တာသတင်းကရေးပါတယ်။

ဒီစာတမ်းကို အမေရိကန်နိုင်ငံခြား ရေးဌာနက ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Michael Vance) စက်တင်ဘာလလယ် နေပြည်တော်လျှို့ဝှက်ခရီးမတိုင်ခင် ရက်သတ္တပတ် နစ်ပတ်ခန့်ဖြစ်တဲ့ ၂၀၂၆ သြဂုတ် ၃၁ ရက်နေ့စွဲက သမ္မတထရန့်အစိုးရက အတည်ပြုခဲ့ တာလို့လည်း စာတမ်းအရ သိရပါတယ်။

မစ္စတာဗင့်စ်ဟာ အောက်တိုဘာ ဒုတိယအပတ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာစစ်တပ်ခန့်အစိုးရ ကိုယ်စားလှယ် တွေနဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ရာမှာလည်း အမေရိကန်အစိုးရ အရာရှိ အနည်းဆုံး ၁၂ ဦးကို ဦးဆောင်ပြီး ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီစာတမ်းအရ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့နိုင်ငံခြားရေးဌာနအနေနဲ့ အမေရိကန်နိုင်ငံသားတွေကို အကာကွယ်ပေးရေး၊ နယ်စပ်လုံခြုံရေး၊ အမေရိကန်တွေကို ပစ်မှတ်ထားနေတဲ့ မြန်မာ အခြေစိုက် အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ အမေရိကန်မှာ ဗီဇာသက်တမ်းကုန်ပေမယ့် နိုင်ငံမပြန်တဲ့သူတွေထဲမှာ မြန်မာတွေက ၄၀ ရာခိုင်နှုန်းနီးပါးရှိနေတဲ့အတွက် သူတို့ကို နေရပ်ပြန်ပို့ရာမှာ မြန်မာအာဏာပိုင်တွေက ပူးပေါင်းပါဝင်ရေးစတဲ့အချက်က နံပတ် တစ် ရည်ရွယ်ချက် အဖြစ်တွေ့ရပါတယ်။

ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ကုန်ပစ္စည်းနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ၂၀၃၀ ခုနှစ်မှာ နောက်ဆုံးထားပြီး စတင် တင်ပို့ရောင်းချနိုင်ရေး အမေရိကန်ပါဝင်ကူညီမှုနဲ့ ၊၂၀၃၀ မှာ မြန်မာနိုင်ငံမှာ ပြည်တွင်း ပဋိပက္ခပြေလည်ပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရေး၊ ဒေသတွင်းမှာ အမေရိကန် သြဇာလွှမ်းမိုး မှု ချဲ့ထွင်ပြီး မြေရှားသတ္တု ကုန်ကြမ်းဝယ်ယူရေးအပါအဝင် ကာကွယ်ရေးနဲ့ စီးပွားရေး ကဏ္ဍတွေ မှာ ရင်းနှီးမြုပ်နှံနိုင်ရေးတွေပါဝင်တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်တဲ့ ၁၁ မျက်နှာပါ စာတမ်းမှာ ဖော်ပြထားပါတယ်။

၂၀၃၀ ​​ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရမယ့် အပစ်အခတ်ရပ်စဲရေးရဖို့ အမေရိကန်ကကြိုးပမ်းမှာဖြစ်ပြီး “သက်ဆိုင်သူအများအပြား ပါတဲ့ ဆွေးနွေးပွဲ အနည်းဆုံး သုံးကြိမ်” စီစဉ်ဆောင်ရွက်သွားမယ့်အကြောင်း၊ ဒီဆွေးနွေးပွဲတွေကနေမှ စီးပွားရေး အခြေခံတဲ့ ဖယ်ဒရယ်ပြည်‌ထောင်စုစနစ်နဲ့ နယ်မြေပိုင်ဆိုင်မှုကို ညှိနှိုင်းသဘောတူပြီး မြန်မာ့သံယံဇာတတွေကို ရယူနိုင်ဖို့ အခွင့်အလန်းတွေ ရလာမယ်လို့လည်း ရေးသားထားပါတယ်။

ဒီစာတမ်းမှာ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ဖို့၊ ရုတ်သိမ်းဖို့ ရှိမရှိ၊ မြန်မာနိုင်ငံဆိုင်ရာ တည်ဆဲ အမေရိကန်ဥပဒေတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ရှိမရှိ စတာတွေကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။

RFA အနေနဲ့ အမေရိကန်အစိုးရရဲ့ မဟာဗျူဟာမူဝါဒစာတမ်းပါ ဖော်ပြတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မှတ်ချက်နဲ့ မြန်မာစစ်တပ်ခန့်အစိုးရရဲ့ တုံ့ပြန်ချက်တွေ ရရှိနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။