မြန်မာဗိုလ်ချုပ်တွေနဲ့ အမေရိကန် တိုက်ရိုက်ဆွေးနွေးဆက်ဆံမှုစတင်လို့ ရိုက်တာသတင်းဖော်ပြ

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ်နဲ့ စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်တို့ စက်တင်ဘာ ၁၆နဲ့ ၁၇ ရက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ဟုဆို။

၂၀၂၁ နှစ် စစ်အာဏာသိမ်းမှုအပြီး အထီးကျန် ဒဏ်ခတ်ထားတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) ဦးဆောင်တဲ့ အမေရိကန်အစိုးရက တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လိုက် တယ်လို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ ဒီအကြောင်း သိရှိထားတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက အောက်တိုဘာ ၈ ရက်နေ့မှာ ရေးသားလိုက်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးတာကို အမေရိကန်နိုင်ငံခြားရေးဌာန ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Micheal Vance) က ဦးဆောင်ပါဝင်ခဲ့ပြီး အမေရိကန်တွေကို ပစ်မှတ်ထားနေတဲ့ မြန်မာနိုင်ငံက အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေ ပိတ်ပင်ရေးကို အဓိကထား ဆွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကနေ မြန်မာနိုင်ငံက မြေရှားဓာတ်သတ္တုရရှိရေးအပါအဝင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ဦးတည်သွားစေနိုင်တယ်လို့ လက်ရှိနဲ့ အရင် အမေရိကန်အစိုးရအရာရှိတွေနဲ့ ဒီမူဝါဒအပြောင်းအလဲကို သိရှိထားသူတွေကို ကိုးကားပြီး သတင်းက ရေးပါတယ်။

မြန်မာစစ်အာဏာပိုင်တွေ ဖမ်းထားတဲ့ အမေရိကန် စီးပွားရေးသမား အဒမ် မိုက်ကယ် ကက်စတီလို (Adam Michael Castillo) လွတ်မြောက် စေခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ နေပြည်တော် လျှို့ဝှက်ခရီးမှာ “အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ်ပါဝင်ပြီး စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်လည်း ကိုယ်တိုင်ပါဝင်ခဲ့တယ်”လို့ သိရှိထားတဲ့ သတင်းအရင်းအမြစ် လေးဦးက ပြောတယ်လို့ သိရပါတယ်။

ဒါဟာ စစ်အာဏာသိမ်းအပြီး အမေရိကန်မြန်မာ အမြင့်ဆုံးအဆင့် တွေ့ဆုံမှုဖြစ်ပြီး နှစ်ပေါင်းများစွာ ချမှတ် ကျင့်သုံးလာခဲ့တဲ့ ဒီမိုကရေစီထွန်းကားရေး ဦးတည်တဲ့ ပိတ်ဆို့ အထီးကျန် ဒဏ်ခတ်ရေး လမ်းကြောင်းကနေ ပိုလက်တွေ့ကျတဲ့ အပေးအယူအရောင်းအဝယ် ထိတွေ့ဆက်ဆံရေးဖက်ကို သိသိသာသာ ပြောင်းလဲလိုက်တာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ခန့်အစိုးရ ကျားဖြန့်နှိမ်နင်းရေး ဆွေးနွေးခဲ့ဟုဆို
အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ခန့်အစိုးရ ကျားဖြန့်နှိမ်နင်းရေး ဆွေးနွေးခဲ့ဟုဆို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလာသည့် လေယာဉ်ဟု သတင်းများတွင် ဖော်ပြထားသည့် အမေရိကန်လေတပ် လေယာဉ်ကို တွေ့ရစဉ်။ (Popular News Journal)

အမေရိကန်နိုင်ငံခြားရေးဌာနကတော့ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း အုပ်စုအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ နိုင်ငံရေး အကျဥ်းသားတွေ လွှတ်ပေးရေးလိုအပ်တယ်ဆိုတာလည်း ဆွေးနွေးခဲ့တယ်လို့ တုံ့ပြန်ပါတယ်။

“ပြဿနာတွေကို လျစ်လျူရှု ဥပေက္ခာပြုထားလို့ ဖြေရှင်းမရပါဘူး။ ပြဿနာကို တိုက်ရိုက်ရင်ဆိုင် ဖြေရှင်းမှ သာ ပြေလည်မှာပါ” လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ တွမ်မီ ပီဂုတ် (Tommy Pigott) က ရိုက်တာသတင်းဌာနကို ဖြေကြားပါတယ်။

ဒီတွေ့ဆုံမှုမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဗင့်စ်ရဲ့ အခန်းကဏ္ဍကို အသေးစိတ်ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး ဒီအဖွဲ့ဟာ “သမ္မတဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အနေနဲ့ ကိုယ်စားပြုသွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာ” လို့ သူက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ခန့်အစိုးရကို ဆက်သွယ်မေးမြန်းရာမှာ ပြောခွင့်ရသူက တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးဘူးလို့ သတင်းကဆိုပါတယ်။