အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ခန့်အစိုးရ ကျားဖြန့်နှိမ်နင်းရေး ဆွေးနွေးခဲ့ဟုဆို

အဲဒီတွေ့ဆုံမှုမှာ ဒေသတွင်း စီးပွားရေးနဲ့ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်း ဆွေးနွေးခဲ့။

ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ခန့်အစိုးရနဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့ဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေအပေါ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို နေပြည်တာ်မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၆ ရက်အထိ နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တွေက RFA ကို အတည်ပြုပြောပါတယ်။

အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်လေတပ် လေယာဉ်တစ်စင်းနဲ့ နေပြည်တော်ကို စက်တင်ဘာလ ၁၅ ရက်မှာ ရောက်ရှိခဲ့ပြီးနောက် ၁၆ ရက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ကို ဘယ်သူက ဦးဆောင်ပြီး ဘယ်သူတွေပါဝင်သလဲဆိုတာကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဒေသတွင်း စီးပွားရေးနဲ့ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအကြောင်း ဆွေးနွေးခဲ့တာသိရတယ်လို့ ဒီအကြောင်းကို သိတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကလည်း RFAကို အတည်ပြုပါတယ်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ခန့်အစိုးရကို အမေရိကန်အစိုးရက အခုလို ဆက်ဆံလာတာဟာနိုင်ငံရေးအရ တရားဝင်မှုပေးတာ မဟုတ်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။

နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိနေချိန်မှာပဲ သုံးလကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အာဒမ် မိုက်ကယ် ကက်စတီလို (Adam Michael Castillo) ကို စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ နေပြည်တော်လေဆိပ်ကနေ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။