မြန်မာစစ်တပ်ခန့်အစိုးရနဲ့ အမေရိကန်အစိုးရအရာရှိတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လျှို့ဝှက်ဆွေးနွေးခဲ့တယ်လို့ ဒီတွေ့ဆုံဆွေးနွေးမှုကို သိရှိတဲ့ သတင်းအရင်းအမြစ်တွေကိုကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားလိုက်ပါတယ်။
အခုလျှို့ဝှက်တွေ့ဆုံတာဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အမေရိကန်ဘက်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ကျဥ်ထားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲကို ပိုတိုးပြီး အကောင်အထည်ဖော်လာတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။
တိုကျိုတွေ့ဆုံဆွေးနွေးပွဲမှာလည်း နေပြည်တော်တွေ့ဆုံပွဲမှာကိုယ်တိုင်တက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Michael Vance) ဦးဆောင်ပါဝင်ခဲ့ပြီး အမေရိကန်အစိုးရအရာရှိကြီး ၁၂ ဦးကျော်ပါဝင်တက်ရောက်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရိုက်တာကိုပြောပါတယ်။ မြန်မာစစ်တပ်ခန့်အစိုးရဘက်က ဘယ်သူဦးဆောင်တက်သလဲဆိုတာတော့ အတိအကျမသိရသေးဘူးလို့ ရိုက်တာသတင်းကရေးပါတယ်။
တိုကျိုတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဘက်စလုံးက ဘယ်ကိစ္စအကြောင်းအရာတွေကို တိတိကျကျဆွေးနွေးခဲ့သလဲဆိုတဲ့အချက်ကို ချက်ချင်းမသိရသေးဘဲ ထိလွယ်ရှလွယ်တဲ့ အခြေအနေနဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက် အမေရိကန်အရာရှိကြီးတစ်ဦးအပါအဝင် ဒီအကြောင်းပြောပြတဲ့သုံးဦးစလုံးက အမည်ထုတ်ဖော်မရေးဖို့ ရိုက်တာသတင်းဌာနကို ပန်ကြားထားတယ်လို့သိရပါတယ်။
ပထမအကြိမ် နေပြည်တော်မှာလျှို့ဝှက်တွေ့ဆုံရာမှာ မြန်မာစစ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား စီးပွားရေးသမားပြန်လွှတ်ပေးရေး၊ အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထားနေတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေးကိစ္စတွေ ဦးစားပေးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီတွေ့ဆုံပွဲကနေ မြန်မာ့မြေရှားသတ္တုတွေ အမေရိကန်ဝယ်ယူခွင့်ရရေးအပါအဝင် တစ်ခြားကျယ်ပြန့်တဲ့ ကိစ္စရပ်တွေအတွက်ပါ လမ်းပွင့်သွားခဲ့ဟန်ရှိတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာတုံ့ပြန်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ “အမေရိကန်ရဲ့ အကျိုးစီးပွားအပေါ် သက်ရောက်မှုရှိတဲ့ အရေးကိစ္စတိုင်းအတွက် မြန်မာနိုင်ငံက အဖွဲ့အစည်းလူပုဂ္ဂိုလ်အားလုံးနဲ့ ထိတွေ့ဆက်ဆံနေပါတယ်”လို့သာဖြေကြားပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးဖြေကြားတာမရှိပါဘူး။ မြန်မာစစ်တပ်ခန့်အစိုးရ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းရာမှာလည်း တစ်စုံတစ်ရာတုံ့ပြန်ဖြေကြားတာမရှိဘူးလို့ဆိုပါတယ်။
ဒီကိစ္စမှာ ကြားဝင်လက်ခံစီစဥ်ပေးတာရှိမရှိ ဂျပန်အစိုးရနိုင်ငံခြားရေးဌာနကိုမေးမြန်းရာမှာ ဂျပန်နိုင်ငံအနေနဲ့ နှစ်ဘက်စလုံးနဲ့ လိုအပ်သလိုဆက်သွယ်ဆောင်ရွက်တာရှိတယ်လို့ အီးမေးလ်ကနေအကြောင်းပြန်ပေမဲ့ တိုကျိုတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ဖြေကြားတာမရှိဘူးလို့ဆိုပါတယ်။
စက်တင်ဘာလက နေပြည်တော်တွေ့ဆုံပွဲမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဗင့်စ်နဲ့ စစ်အာဏာသိမ်းခေါင်းဆောင်ကနေ သမ္မတအဖြစ်ပြောင်းလိုက်တဲ့ ဦးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အဲဒီပွဲကနေ တခြားကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လမ်းပွင့်သွားခဲ့ပုံရတယ်လို့ အရင်ဆွေးနွေးပွဲနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
တိုကျိုမှာ တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲ အမြန်ဖြစ်လာတာကိုထောက်ရင် နှစ်ဘက်စလုံးက ထိတွေ့စကားပြောဆွေးနွေးရေးလမ်းကြောင်း ဆက်ဖွင့်ထားလိုတဲ့ဆန္ဒပြင်းပြနေပုံရှိတယ်လို့လည်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မဟာဗျူဟာအရအရေးပါတဲ့ မြန်မာနိုင်ငံက မြေရှားသတ္တုစျေးကွက်ကို တရုတ်တစ်နိုင်ငံထဲက လက်ဝါးကြီးအုပ်ပြီး ကမ္ဘာ့စျေးကွက်မှာ ရှေ့တန်းရောက်နေတာကို သမ္မတဒေါ်နယ်ထရန့် ဦးဆောင်တဲ့အမေရိကန်အစိုးရက စိတ်ဝင်တစားရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် အမေရိကန်မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့သူကို မြန်မာစစ်အာဏာပိုင်တွေက ယုံကြည်ချက်အလွဲသုံးစားမှုနဲ့ဖမ်းဆီးထောင်ချထားပြီး၊ မစ္စတာဗင့်စ် ရဲ့နေပြည်တော်ခရီးစဥ်မှာ လွှတ်ပေးလိုက်တဲ့ မစ္စတာ အာဒမ်ကက်စတီလိုဟာ ၂၀၂၅ နှစ်လယ်က အမေရိကန်အိမ်ဖြူတော်အရာရှိတွေ၊ လွှတ်တော်အရာရှိတွေကို မြန်မာနိုင်ငံက မြေရှားသတ္တု တိုက်ရိုက်ဝယ်ယူလို့ရအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ဝါရှင်တန်ဒီစီကိုလာရောက် တင်ပြဆွေးနွေးခဲ့ဖူးတဲ့သူလည်း ဖြစ်ပါတယ်။
