သက်စွန့်ဆံဖျား ကွမ်းသီးခူးသူများ

“သူတို့လည်း ကြီးလာလို့ ရှိရင် ကိုယ့်လိုပညာမတတ်လို့ရှိရင် ပင်ပန်းတဲ့အလုပ်တွေပဲလုပ်ရမှာလေ။ အဲဒါမျိုးတွေစဉ်းစားရင် အိပ်လို့ တောင်မပျော်ပါဘူး”

မြန်မာပြည်မှာ ထမင်းတလုပ်အတွက် အသက်နဲ့ရင်းရတဲ့အလုပ်ထဲမှာ ကွမ်းသီးခူးတဲ့အလုပ်လည်းပါပါတယ်။

ဘိုကလေးမြို့နယ် ချောင်းလည်ရွာက သမီးနှစ်ယောက်အဖေ ကိုမိုးကောင်းဟာ ကွမ်းသီးခူးတဲ့အလုပ် လုပ်လာတာ အနှစ် ၂၀ လောက်ရှိပါပြီ။

“ဒီကွမ်းသီးပင်ကတော့ ကျွန်တော်တို့ နာဂစ်တိုက်ထားတဲ့အတွက် အပင်တွေက နာနေတော့ အမှတ်မထင် ကျိုးကျသွားတတ်တာပေါ့။ ဒီဟိုဘက် ဒီဘက်အပင်ကူးတဲ့နေရာမှာ ကျွန်တော်တို့ လက်မမြဲရင် ပြုတ်ကျတာရှိတယ်လေ။ ကျွန်တော်တို့ ဟိုဘက်က ရွာကဆိုရင် ဟိုဘက်အပင်နဲ့ ဒီဘက်အပင် မမိတမိကို ကူးလိုက်တာ ပြုတ်ကျတာ တစ်ချက်တည်း သေသွားတာလေ”

ဧပြီလကနေ အောက်တိုဘာလကုန်အထိ ကွမ်းသီးပေါ်ချိန်ဖြစ်ပါတယ်။ အရင်နှစ်က ကွမ်းသီးတစ်လုံးကို တက်ခ ၁၀ ကျပ်ရခဲ့ပါတယ်။ ဒီနှစ်တော့ ကွမ်းသီးစျေးကျနေတဲ့အတွက် လုပ်အားခလျော့သွားပြီး ခုနစ်ကျပ်ပဲရပါတော့ တယ်။ ဒါကြောင့် တစ်ရက်ကို ငွေ တစ်ေသာင်းခွဲ၊ နှစ်သောင်းလောက်ရဖို့ အပင် ၅၀ ကနေ ၁၀၀ ကြား တက်ရပါ တယ်။ ဒါတောင်မှ မိသားစုလေးယောက်စားဝတ်နေရေးအတွက် မလောက်ဘူးလို့ ကိုမိုးကောင်းရဲ့ ဇနီး မဝါဝါခိုင်က ပြောပါတယ်။

“အခုက ဆီက ၂၂၀၀၀ (တစ်ပိသာဈေး) တဲ့။ ဆန်တစ်အိတ်ကို အခုညီမတို့ ဆန်လတ်ကြီး (ဆန်ကွဲ) ပဲ စားနိုင်တယ်။ အချွန်တို့ ဘေးကြားတို့ဆိုတာ မစားနိုင်ဘူး။ ဆန်လတ်ကြီးတောင်မှ အခု တစ်သိန်းကျော်နေပြီ”

မဝါဝါခိုင်ကိုယ်တိုင်လည်း စပါးရိတ်၊ ကောက်စိုက်တဲ့အလုပ်တွေလုပ်သလို အိမ်မှာတနိုင်တပိုင် ကြက်၊ ဝက် မွေးမြူရေးလုပ်ပါတယ်။

ကိုမိုးကောင်း ကွမ်းသီးတက်ခူးလို့ရတဲ့ဝင်ငွေက တစ်လကို ပျမ်းမျှ ၄ သိန်းဝန်းကျင်ရှိပါတယ်။ ဒီအလုပ်ကို ဧပြီလကနေ အောက်တိုဘာလကုန် အထိ ၇ လ ဝန်းကျင်လုပ်ရတဲ့အတွက် တစ်နှစ်ကို ကွမ်းသီးတက်ခူးလို့ရတဲ့ ဝင်ငွေက ၂၈ သိန်းဝန်းကျင်ဖြစ်ပါတယ်။ မိသားစု ၄ ယောက်စားဝတ်နေရေးအတွက် တစ်လကို ၄ သိန်းနဲ့ လောက်ငှအောင်သုံးနေလို့ တစ်နှစ်အတွက် ၄၈ သိန်းလိုပါတယ်။ ဒါကြောင့် တစ်နှစ်အတွက်လိုငွေ သိန်း ၂၀ လောက်ရအောင် ကြုံရာနေ့စားအလုပ်လုပ်ပြီး ရှာရပါတယ်။ ဒီကြားထဲမှာ ငွေပြတ်သွားတဲ့အခါ တစ်ရာကို တစ်လ ၇ ကျပ်တိုးနဲ့ချေးပြီးသုံးရတာမျိုးတွေရှိပါတယ်။

ဒါကြောင့် ကိုးတန်းကျောင်းသူ သမီးအကြီးကို ကျောင်းထုတ်ဖို့အထိ စဉ်းစားမိတယ်လို့ မဝါဝါခိုင်က ပြောပါတယ်။

“ကိုယ်တွေကလည်းပညာမတတ်ခဲ့လို့ ဒီပင်ပန်းတဲ့အလုပ်တွေကို လုပ်နေရတယ်လေ။ သူတို့လည်း ကြီးလာလို့ ရှိရင် ကိုယ့်လိုပညာမတတ်လို့ရှိရင် ပင်ပန်းတဲ့အလုပ်တွေပဲလုပ်ရမှာလေ။ အဲဒါမျိုးတွေစဉ်းစားရင် အိပ်လို့ တောင်မပျော်ပါဘူး”

မြန်မာနိုင်ငံမှာ မွန်၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတွေမှာ ကွမ်းသီးပင်အများဆုံးစိုက်ကြပြီး တစ်နိုင်ငံလုံးမှာ ဧက ၂ သိန်းခွဲကျော်ရှိသလို တစ်နှစ်လုံးမှာ တန်ချိန် ၂ သိန်း ၃ သောင်းကျော်ထွက်တယ်လို့ စိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။ ဘဲဥပုံကွမ်းသီးစိမ်းအနုတွေကို တရုတ်နိုင်ငံကသွားရည်စာလုပ်တဲ့အတွက် ဝယ်လက်ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ Global New Light of Myanmar ရဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လ သတင်းတွေ မှာ တွေ့ရပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ နောက်ပိုင်း တရုတ်ကိုပို့တဲ့ ကွမ်းသီးစျေးကွက်မရှိသလောက်ဖြစ်သွားပါတယ်။

ရန်ကုန်မြို့ကနေ ကွမ်းသီးဆံအခြောက်တွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို နယ်စပ်ကနေ တင်ပို့ခဲ့တာ ကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ပိဿာကို ၂၅၀၀၀ ကျပ်အထိဖြစ်ခဲ့တဲ့အတွက် ကွမ်းသီးပွဲရုံတွေ အမြတ်များခဲ့တယ်လို့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ဦးချစ်မောင်လမ်းမှာရှိတဲ့ ပွဲရုံပိုင်ရှင်တစ်ဦးက RFA ကို အောက်တိုဘာ ၂၈ ရက်နေ့ကပြောပါတယ်။ အခုနှစ်မှာတော့ အဲဒီလိုမပို့ရလို့ ကွမ်းသီးခြောက်ဈေးက တစ်ပိဿာကို တစ်သောင်းခွဲလောက်ပဲရှိတဲ့အတွက် ကွမ်းသီးပွဲရုံတွေအရှုံးနဲ့ရင်ဆိုင်ရတယ်လို့ ပြောကြပါတယ်။

ဒီအတောအတွင်းမှာပဲ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီး မြန်မာပြည်ကကွမ်းသီးမှောင်ခိုအကြီးအကျယ် ပို့တာကို ဖမ်းမိထားတယ်လို့ The Hindustan Times ရဲ့ အောက်တိုဘာလ ၈ ရက်ထုတ်သတင်းတပုဒ်မှာတွေ့ရသလို၊ ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ်ကိုတင်းကြပ်ထားတဲ့အတွက် ရခိုင်ပြည်နယ်ကနေဖြတ်ပြီးတင်ပို့တဲ့ ကွမ်းသီးစျေးကွက် ပျက်သလောက်ဖြစ်နေတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ ကွမ်းသီးခြောက်တွေကို ပြည်တွင်းစားသုံးဖို့ဖြန့်ဖြူးရောင်းချနေရပေမဲ့ ပြည်ပဝယ်လိုအားမရှိတဲ့ အတွက် ကွမ်းသီးဈေးကျနေတာလို့ ပွဲရုံတွေကပြောပါတယ်။ ရန်ကုန်မြို့ကို တင်ပို့တဲ့ ကွမ်းသီးတွေဟာ တနင်္သာရီတိုင်း ရေး၊ မြိတ်နဲ့ ထားဝယ်မြို့တွေကဖြစ်ပြီး၊ ဧရာဝတီတိုင်းကဆိုရင် ဖျာပုံနဲ့ ဘိုကလေးက အများဆုံးတင်ပို့နေတာလို့ ပွဲရုံတွေကပြောပါတယ်။

အရင်နှစ်က အခွံခွာပြီးသား ကွမ်းသီးမှည့်တစ်ပိသာကို ကျပ်နှစ်သောင်းဝန်းကျင်ရခဲ့ပေမဲ့ ဒီနှစ်တော့ ကျပ် ခုနစ်ထောင်ဝန်းကျင်ပဲရတယ်လို့ ဘိုကလေးမြို့နယ်က ကွမ်းသီးအဝယ်ဒိုင် ကိုသန့်ဇင်ဦးက ပြောပါတယ်။

“ကွမ်းသီးတစ်ထောင်ကို ခြောက်ပိဿာ ငါးဆယ်လောက်ပဲထွက်တယ်။ အစ်ကိုကြီးဝယ်တဲ့ ၅၅၀၀ ဈေးနဲ့ဆိုတော့ ၃၅ ကျပ် ၃၇ ကျပ် ဒီလောက်ပဲကိုက်တယ်။ သူတို့က အပင်မှာ ၁၅ ကျပ်ဝယ်ရတယ်။ ခွာခနဲ့ တက်ခပဲ သူတို့စားရတယ်။ မနှစ်ကနဲ့တော့ အများကြီးကွာတာပေါ့။ မနှစ်ကဆိုရင် နှစ်သောင်းလောက်အထိ ကိုကြီးတို့ ရောင်းရတယ်။ ဒီနှစ်က ခုနှစ်ထောင် ခုနှစ်ထောင့်ငါးရာ ဒီလောက်ပဲရောင်းရတယ်”

အခုနှစ်မှာတော့ ဧရာဝတီတိုင်းမှာ စျေးထိုးကျသွားတယ်လို့ လုပ်အားခတွေလည်းကျသွားတာလို့ ကွမ်းသီးခြံပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ကိုဝေယံထွန်းက ပြောပြပါတယ်။

“ကုန်ဈေးနှုန်းကတက်တဲ့အချိန်မှာ ဒီဈေးတွေကထိုးကျတဲ့အချိန်မှာ ခက်ခဲမှုတွေတော်တော်ဖြစ်တယ်။ ကြပ်တည်းကြတယ်။ တော်တော်လေး စားဝတ်နေရေးတွေ ရိုက်ခတ်မှုတွေဖြစ်တယ်။ ကွမ်းသီးပင်တို့ အုန်းပင်တို့ တက်စားတဲ့သူတွေ တခါတလေကျရင်ပေါ့ အဲဒီလိုပေါ့။ နေ့ညမမှန်တဲ့ ထမင်းနပ်မမှန်တဲ့အခါတွေတောင်မှ ပါသေးတယ်ပေါ့”

အခုလို ကွမ်းသီးစျေးကွက်မတည်ငြိမ်လို့ လုပ်အားခကျသွားတဲ့အပြင် လုပ်ရတာလည်း အသက်အန္တရာယ်များပေမဲ့ သမီးတွေပညာတတ်ဖြစ်လာဖို့ သူကျွမ်းကျင်တဲ့အလုပ်ကိုပဲ ဆက်လုပ်သွားမယ်လို့ ကိုမိုးကောင်းက ဆုံးဖြတ်ထားပါတယ်။

“ကျွန်တော့်မှာ သမီးနှစ်ယောက်ရှိတယ်။ တစ်ယောက်က ၉ တန်း၊ တစ်ယောက်က ၅ တန်း။ ဒီသမီး နှစ်ယောက်ကို ပညာဆုံးခန်းတိုင်အောင် သင်စေချင်တာပေါ့။ ကိုယ့်ဘဝဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း ကိုယ့်သမီးတွေ အောင်မြင်ရင်ကျေနပ်ပြီ။ စီးပွားဖြစ်လောက်တဲ့အဆင့်ထိတော့ ကိုယ်မတွေးဖူးပါဘူး အစ်ကိုရာ။ သမီးတွေ ပြေလည်ဖို့အတွက်ပဲ။ သူတို့ ပညာတတ်ရင်ကျေနပ်ပြီ”