မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့၊ အမေရိကန်နဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့တွေပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာပေါင်းစပ်မဟာဗျူဟာစာတမ်းကို အမေရိကန်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာတမ်းဟာ အမေရိကန်အကျိုးစီးပွားကိုပထမဦးစားပေးတဲ့ သမ္မတ ဒေါ်နယ် ထရန့် ရဲ့ မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ အမေရိကန်အစိုးရအနေနဲ့ သံတမန်လမ်းကြောင်းကတစ်ဆင့် ပါဝင်ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံမှာ အမေရိကန်သြဇာချဲ့ထွင်ဖို့၊ ကုန်သွယ်ရေးတိုးမြှင့်ပြီး မြန်မာနိုင်ငံက မြေရှားသတ္တု (rare-earth) တိုက်ရိုက်ဝယ်ယူခွင့်ရဖို့အထိ ရည်ရွယ်ထားတယ်လို့ ဒီစာတမ်းမှာအတိအလင်းဖော်ပြထားပါတယ်။
ဒီစာတမ်းနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို RFA ကမေးမြန်းတဲ့အခါ
“အမေရိကန်အစိုးရအနေနဲ့ နေပြည်တော်က အာဏာပိုင်တွေနဲ့ လုံးဝအဆက်အသွယ်ဖြတ်လိုက်တာဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုထိခိုက်စေတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အရေးယူဖို့အပါအဝင်၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ အမေရိကန်ရဲ့စီးပွားရေးလုပ်ငန်းတွေလည်ပတ်ဖို့အတွက် မြန်မာ့ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံး တွေ့ဆုံဆွေးနွေးမဲ့မူဝါဒတစ်ခုအဖြစ်ချဥ်းကပ်နေတာဖြစ်ပါတယ်” လို့ပြန်ပြီးဖြေဆိုပါတယ်။
မြန်မာ့အရေးမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေရဲ့ သဘောထားကို RFA က စုံစမ်းမေးမြန်းတဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးဒေးဗစ်ဂွမ်အောင် က စာနဲ့ပြန်ဖြေပါတယ်။
“အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးတို့ကို ရှေးရှုဦးတည်တဲ့ မဟာဗျူဟာတစ်ရပ်ချမှတ်လာတာကို NUG အနေနဲ့ အလေး ထား အသိအမှတ်ပြုပါတယ်။ NUG အနေနဲ့ အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ သက်ဆိုင်ရာ မိတ်ဖက်နိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်လက် ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူ တွေရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးဆန္ဒကို အထောက်အကူပြုဖို့၊ ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းနိုင်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းမှုတစ်ရပ်ဆီ ဦးတည်ဖို့ကိုလည်း ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဖို့ မဟုတ်ဘဲ၊ အဲဒီ စနစ်ဆိုးကြီးကနေလွတ်မြောက်ပြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့ အခွင့်အရေးကို အခြေခံတဲ့ စစ်မှန်တဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာစေဖို့ပဲ ဦးတည်သင့်ပါတယ်”
အမေရိကန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အရင်းခံပြဿနာတွေကိုနားလည်ဖို့နဲ့ ထဲထဲဝင်ဝင်ပါဝင်လာဖို့ လိုအပ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ်မှာ မတရားအကြမ်းဖက် ပြည်သူကိုသတ်ဖြတ်နေတာတွေကို အမေရိကန် အစိုးရကနားလည်ဖို့လိုတယ်။ အဲဒီအပေါ်လည်း အခြေခံပြီးတော့ စဉ်းစားဖို့တော့လိုတာပေါ့။ ကျနော်တို့ အနေနဲ့ တော့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နေတဲ့ဟာတွေ၊ စစ်ဘေးရှောင်တွေအပေါ် လူသားစာနာထောက်ထားမှုတွေ ပထမဆုံးအဆင့် အဲဒါတွေလုပ်နိုင်ရင်တော့ အမေရိကန်ရဲ့ပါဝင်လာမှုအပေါ် ကျနော်တို့ဖက်ကတော့ ပိုပြီး တော့ ကြိုဆိုရမှာပေါ့နော်”
စူပါပါဝါ အင်အားကြီးနိုင်ငံကြီးတွေရဲ့ မူဝါဒတွေကြားမှာ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ရအောင်ကြိုးစားရမယ်လို့ NUG ရဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီးဖြစ်တဲ့ ဦးကျော်နီက သူ့သဘောထားကိုပြောပါတယ်။
“စူပါပါဝါနိုင်ငံကြီးရဲ့ ဒီမူဝါဒအရွှေ့အပြောင်းမှာ နိုင်ငံအသေးတွေကတော့ အများကြီးခံရတာပေါ့ အဲဒီတော့ ဗမာပြည်လို တော်လှန်ရေးဖြစ်နေတဲ့နိုင်ငံမျိုးက ပိုခံစားရတာပေါ့။ ခံစားရနိုင်ခြေရှိတာပေါ့။ ဒီစူပါ ပါဝါ နိုင်ငံကြီးတွေဆိုတော့လည်း သူတို့အကျိုးစီးပွားအပေါ်ပဲအခြေပြုပြီး ဝါဒတွေရေးသားကြတာပေါ့။အဲဒီတော့ ကျွန်တော်တို့ ပြည်သူလူထုကလည်း ကိုယ့်နိုင်ငံ၊ကိုယ့်ပြည်သူ၊ ကိုယ့်တော်လှန်ရေးရဲ့ အကျိုးစီးပွားမထိ ခိုက်အောင် ကိုယ်လိုချင်တဲ့တော်လှန်ရေးပန်းတိုင်ရောက်အောင် ဒီမူဝါဒတွေကြားမှာပဲရအောင် ရုန်းကန်ကြရမှာပေါ့”
အမေရိကန်မှုဝါဒစာတမ်းက နှစ်နိုင်ငံအကျိုးစီးပွါးအတွက် အပြုသဘောဆောင်တာမို့လို့ ကြိုဆိုရမယ်လို့ စစ်တပ်အရာရှိဟောင်းတွေဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံအပေါ် နိုင်ငံကြီးတွေက စိတ်ဝင်စားလာတယ် အကောင်းမြင်အကျိုးပြုတဲ့ဘက်က စိတ်ဝင် စားလာတာကို ဘာပဲဖြစ်ဖြစ် ကြိုဆိုရမှာပါ။ ကျွန်တော်တို့က အမြဲတမ်းမိတ်ဆွေမရှိသလို အမြဲတမ်း ရန်သူ မရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံအကျိုးအတွက် ကိုယ့်လူမျိုးအကျိုးအတွက် အမျိုးသားအကျိုးစီးပွါးအတွက် လာရောက်ပူးပေါင်းဆောင်ရွက်မယ် နှစ်ဖက်မျှတစွာနဲ့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ လှိုက်လှဲစွာ ကြိုဆိုရမှာဖြစ်ပါတယ်”
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြီးတွေဖြစ်တဲ့ KNU/ KIA/ AA ကိုမေးကြည့်တဲ့အခါ KIA ကတော့ မှတ်ချက်မပေးသေးလိုကြောင်း တုံ့ပြန်ပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလေးစေးကတော့ အမေရိကန်ရဲ့စာတမ်းကိုဖတ်ပြီး အချိန်ယူပြန်ဖြေပေးမယ်လို့ RFA ကိုအကြောင်းပြန်သလို၊ အာရက္ခတပ်တော် AA ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခကလည်း သူတို့ဆီတရားဝင်အီးမေးကနေ မေးခွန်းပို့ထားဖို့နဲ့ ဖြေနိုင်သမျှဖြေပေး မယ်လို့ပဲ အကြောင်းပြန်ပါတယ်။
စစ်တပ်ခန့်အစိုးရရဲ့ သမ္မတရုံးပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးကို စာနဲ့မေးမြန်းထားပေမဲ့ အခုသတင်းထုတ်ပြန်တဲ့အထိ ပြန်စာမရောက်သေးပါဘူး။
အမေရိကန်ရဲ့ သဘောထားပြောင်းလဲလာမှုဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကို နားလည်လာတာဖြစ်နိုင်တယ်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ 7 EAO Alliance ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့ ကလည်းပဲ လိုအပ်တယ်။ အမေရိကန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ သဘောထားပြောင်းလဲ လာတယ်ဆိုတာကလည်းပဲ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေအရ ငြိမ်းချမ်းရေးအရ အရေးတကြီးလိုအပ်နေပြီ၊ အမှန်တကယ်လည်း လိုအပ်နေပြီဆိုတာကို တီးမိခေါက်မိလို့ ဖြစ်နိုင်ပါတယ်။ ၂၀၃၀ ဆိုရင်လည်း နောက်ထပ် သုံးလေးနှစ်ပေါ့လေ။ အဲဒီကာလမှာလည်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ပေး နိုင်မယ့် နည်းလမ်းတွေ ရှာကြံမယ်ဆိုတာကလည်းပဲ ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်ကို ရှုမြင်သုံးသပ်ပြောဆို တယ်လို့ ယူဆလို့ရပါတယ်”
7 EAO Alliance မှာ ပါတဲ့အဖွဲ့တွေကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ မူဝါဒသစ်ဟာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတစ်ခုဖြစ်နိုင်တယ်၊ ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မတူညီတဲ့ချဉ်းကပ်မှုတွေကြောင့် အမေရိကန်ရဲ့ မြန်မာ့အရေးဆိုင်ရာစာတမ်း ဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ က အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းရှိန်းထွန်းက RFA ကို ပြောပါတယ်။
“စိန်ခေါ်မှုလို့ပြောလို့ရှိရင် နိုင်ငံကြီးဖြစ်နေတဲ့တရုတ်ရဲ့ စိန်ခေါ်မှုက အားကြီးတယ်။ မြန်မာပြည်အတွင်းထဲမှာ ကလည်း တိုင်းရင်းသားဒေသအတွင်းထဲမှာကလည်း စိန်ခေါ်မှုကအားကြီးတယ်။ ဘာပြုလို့လည်းဆိုရင် အိမ်နီးချင်းတရုတ်နဲ့ ဆက်စပ်နေတဲ့နေရာတွေမှာက သူတို့ရဲ့ တရုတ်ရဲ့ Model ပုံစံမျိုး ချဉ်းကပ်နေတာ၊ အနောက်ဘက်ပိုင်းကို ပြန်ကြည့်လို့ရှိရင် ချင်းတို့ ကချင်တို့ ၊ရခိုင်တို့ဘက်ကိုပြန်ကြည့်လို့ရှိရင် ဖက်ဒရေးရှင်း ကိုတော့ ဇောင်းပေးတယ်။ သူတို့ချိတ်တဲ့နိုင်ငံကလည်း အိန္ဒိယတို့နဲ့ဆိုတော့ အနောက်ဘက်ခြမ်း အနေထား နဲ့ကတော့ အိမ်နီးခြင်းနိုင်ငံအရ ချဉ်းကပ်မှုက ဖက်ဒရေးရှင်းကိုဇောင်းပေးတာ။ အိမ်နီးခြင်းတရုတ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေက ဖက်ဒရယ်ကို သူတို့မပြောဘူး။တရုတ်ရဲ့ Model ပုံစံနဲ့ချဉ်းကပ်လာတဲ့အခါမှာ ပြည်တွင်းရဲ့အစုအဖွဲ့ ဆွေးနွေးတဲ့အထဲမှာ ဖက်ဒရယ်ရဲ့ မော်ဒယ်ပုံစံကိုတော့ ဆက်တင်ချဖို့တော့ တော်တော် လေး ညှိနှိုင်းယူရမယ်လို့မြင်တယ်“
အမေရိကန်ကအခုထုတ်ပြန်တဲ့စာတမ်းဟာ အမေရိကန်နိုင်ငံခြားရေးဌာနက ထောက်လှမ်းရေးနဲ့ သုတေသန ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Michael Vance) စက်တင်ဘာလလယ် နေပြည် တော်လျှို့ဝှက်ခရီးမတိုင်ခင် ၂၀၂၆ သြဂုတ် ၃၁ ရက်နေ့မှာ သမ္မတထရန့်အစိုးရက အတည်ပြုခဲ့တာလို့လည်း စာတမ်းအရသိရပါတယ်။
မစ္စတာဗင့်စ်ဟာ အောက်တိုဘာ ဒုတိယအပတ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာစစ်တပ်ခန့်အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရာမှာလည်း အမေရိကန်အစိုးရအရာရှိ အနည်းဆုံး ၁၂ ဦးကို ဦးဆောင်ပြီး ပါဝင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
