အေးသာယာမှာ နေအိမ် ၃၀၀ နီးပါး ဖယ်ရှားခံနေရ၊ လူ နှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်

နေအိမ်ဖယ်ရှားခံရသူတွေဟာ မူလမြေပိုင်ရှင်တွေဆီကနေ စာချုပ်စာတမ်းတွေနဲ့ မြေဝယ်ယူပြီး အိမ်ဆောက်နေထိုင်ခဲ့ကြတာဟုဆို။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အမှတ် (၁၂) ရပ်ကွက်က စက်မှုဇုန်တိုးချဲ့မြေပေါ်မှာရှိတဲ့ နေအိမ် ၂၉၂ လုံးကို စစ်တပ်ခန့်အစိုးရက စက်ယန္တရားတွေ အသုံးပြုပြီး စတင်ဖယ်ရှားနေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နှစ်ပေါင်းများစွာကတည်းက မြေဝယ်ယူထားတဲ့ တရားဝင်စာချုပ်စာတမ်းတွေနဲ့ နေထိုင်လာခဲ့ကြတာဖြစ်ပေမဲ့ စစ်တပ်ခန့်အစိုးရက တရားမဝင်နေထိုင်သူတွေအဖြစ် သတ်မှတ်ပြီး ဖယ်ရှားနေတာကြောင့် လူနှစ်ထောင်ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ဖယ်ရှားခံနေရတဲ့ နေအိမ်တွေထဲမှာ ကယားပြည်နယ်ကနေ စစ်ဘေးရှောင်လာသူတွေလည်း နေထိုင်နေကြောင်း နေအိမ်ဖယ်ရှားခံရသူတစ်ဦးက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးရဲ့ အမိန့်နဲ့ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော် ဦးဆောင်တဲ့အဖွဲ့က ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းတွေနဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်တွေကိုခေါ်ပြီး နေအိမ်တွေကို ဖယ်ရှားခဲ့တာလို့ နေအိမ်ဖျက်ဆီးခံရသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်း (ခ) ပဒေါင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်က ပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပေးခဲ့ပြီး အစားထိုးနေရာ ပြန်လည်ပေးအပ်မယ်လို့ ပြောဆိုထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ရှမ်းပြည်နယ် ဖယ်ခုံကယန်းဝန်ကြီး (ကယန်း(ခ)ပဒေါင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) ဒေါ်အေးချိုစိန်က အဲဒီနေ့ ညတွင်းချင်းရောက်လာပြီးတော့ နေရာအစားပြန်လည်ရရှိရေးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိပေးပါတယ်။ စစ်ဘေးရှောင်တွေထဲမှာလည်း ကယန်းပြည်သူတွေ အများကြီးပါတယ်လေ။ အဲဒီပြည်သူတွေက အကူအညီလှမ်းတောင်းလိုက်လို့ ကယန်းဝန်ကြီးက ရောက်လာပြီး ညှိပေးတာမျိုးပါ။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နေရာအစားထိုး ပြန်ပေးမယ်လည်း ပြောသွားပါတယ်“

အစားထိုးပေးမယ့်နေရာနဲ့ ဘယ်အချိန်မှာ ပေးမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

အဲဒီနေအိမ်တွေကို တရားမဝင်ဆောက်လုပ်နေထိုင်တယ်ဆိုပြီး ၂၁ ရက်အတွင်း ရွှေ့ပြောင်းဖယ်ရှားဖို့ စစ်တပ်ခန့်အစိုးရက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ညွှန်ကြားခဲ့တာပါ။

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်မှာ နေအိမ်တချို့ကို စတင်ဖယ်ရှားခဲ့ပြီး ကျန်တဲ့နေအိမ်တွေလည်း နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား ဖယ်ရှားရမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်မှတ်ရက်အတွင်း မဖယ်ရှားရင် ၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနဲ့ အခွန်စည်းမျဉ်းဥပဒေအရ အရေးယူမယ်လို့ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က သတိပေးစာထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဒီနေရာမှာရှိတဲ့ နေအိမ် သုံးလုံးကို စစ်တပ်ခန့်အစိုးရက ဖယ်ရှားခဲ့ပြီး အစားထိုးမြေဝယ်ယူနိုင်ဖို့ တစ်အိမ်ကို ကျပ်သိန်း ၅၀ စီ လျော်ကြေးပေးခဲ့တယ်လို့ နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောပါတယ်။

အဲဒီလျော်ကြေးငွေဟာ တခြားနေရာမှာ မြေဝယ်ယူဖို့ မလုံလောက်ပေမဲ့ ညှိနှိုင်းလို့မရခဲ့ဘဲ စက်မှုဇုန်အနီး သင်္ချိုင်းကုန်းဘေးမှာ တစ်နှစ်နေထိုင်ခွင့်ရမဲ့ နေရာကို အစားထိုးပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နေအိမ်ဖယ်ရှားတာနဲ့ အစားထိုးမြေပြန်ပေးမဲ့ အစီအစဉ်တွေအကြောင်း သိရဖို့ RFA က တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်နဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြည်တို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ အခု ဖယ်ရှားခံနေရတဲ့ နေအိမ်တွေရှိတဲ့ မြေဧက ၃၀၀ ကျော်ဟာ မူလက တောင်သူ ၆၀ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ စစ်အစိုးရက အေးသာယာစက်မှုဇုန် တိုးချဲ့မြေအဖြစ် သိမ်းယူခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြေပိုင်ရှင်တွေက ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဆက်လက်နေထိုင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အခုနှစ် စက်တင်ဘာလမှာတော့ စစ်တပ်ခန့်အစိုးရက အဲဒီမြေပေါ်မှာ တရားမဝင်နေထိုင်နေကြတယ်ဆိုပြီး ဖယ်ရှားဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။