အလွန်အားပြင်းတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ဒီနှစ်မကုန်ခင်မှာ အမြင့်ဆုံးအခြေအနေကိုရောက်နိုင်ပြီး နောက်နှစ် ဖေဖော်ဝါရီလအထိကြာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ကထုတ်ပြန်ထားပါတယ်။
အယ်လ်နီညို ဆိုတာဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက်မြင့်တက်လာပြီး နိုင်ငံတချို့မှာ မိုးခေါင်ရေရှားဖြစ်နိုင်သလို၊ တချို့နိုင်ငံတွေမှာမိုးများပြီး ရေကြီးနိုင်တဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လာမယ့် နိုဝင်ဘာနဲ့ဒီဇင်ဘာလမှာ ရာသီဥတုအပူချိန် ပုံမှန်ထက်မြင့်တက်မှာဖြစ်တဲ့အတွက် မိုးခေါင်ရေရှားတာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအောက်တိုဘာ ၁၁ရက်မှာ သတိပေးထားပါတယ်။ ရာသီဥတု ပုံမှန်ထက် ပိုပူလာတဲ့အချိန်မှာ စစ်တပ်ခန့်အစိုးရက လျှပ်စစ်မီးကို အလှည့်ကျပေးတဲ့စနစ် ပြန်ကျင့်သုံးနေတာတွေ့ရပါတယ်။ ဒါကြောင့် ပြည်သူတွေအပူဒဏ်ကိုခံစားနေရပြီး၊ အခြေခံလူတန်းစားတွေအတွက် ပိုပြီး အခက်အခဲ ရှိနေတယ်လို့ ရန်ကုန်မြို့ကအိမ်ရှင်မတစ်ဦးက RFA ကိုပြောပါတယ်။
“ရာသီဥတုကလည်း အရမ်းပူတဲ့အတွက်လူတွေက အိမ်ထဲမှာလည်းမီးပျက်တော့ မနေနိုင်ကြဘူး။မီးပျက်လို့ အိမ်အပြင် ထွက်နေမယ်ဆိုတော့လည်း အဆင်မပြေပြန်ဘူး။အပြင်မှာလည်း ရာသီဥတုဒဏ်ကိုခံနေရတော့။ တော်တော်များများ ကတော့ မီးလာရင် ပန်ကာလေးဖွင့် အဲကွန်းလေးဖွင့်ပြီးအိမ်ထဲမှာနေနိုင်ပေမဲ့ မီးပျက်တဲ့အခါအဆင်မပြေဘူး။ ဆိုလာ ရှိတဲ့သူတွေ ဆိုလာတပ်ထားတဲ့သူတွေ၊ အင်ဗက်တာတို့ ရှိတဲ့သူတွေမှအဆင်ပြေမှာ၊ ဒါတွေဝယ်တပ်ထားဖို့ဆိုတာလည်းအခြေခံလူတန်းစားတွေအနေနဲ့ ဘယ်လိုမှ စဥ်းစားလို့တောင်မရ၊လိုက်မမှီဘူးပေါ့”
အခုအောက်တိုဘာလထဲမှာတင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၊ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ မွန်ပြည်နယ်က ဘီလင်းနဲ့ သထုံမြို့နယ်မှာ အပူဒဏ်ကြောင့်သေဆုံးတဲ့သူအနည်းဆုံး ၇ ယောက်ရှိနေပြီး၊ ဆေးရုံပို့လိုက်ရတဲ့သူတွေလည်း ရှိနေတဲ့အကြောင်း ပရဟိတလူမှုရေးအသင်းတွေကိုကိုးကားပြီး ဒေသတွင်းသတင်းတွေမှာဖော်ပြတာ တွေ့ရပါတယ်။
ရေအရင်းအမြစ်နည်းလာရင် သောက်သုံးရေနဲ့ စိုက်ပျိုးရေမလုံလောက်တာ၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုကျဆင်းတာတွေ ဖြစ်နိုင်သလို အပူချိန်မြင့်တက်မှုကြောင့် လျှပ်စစ်သုံးစွဲမှုလည်းပိုများလာနိုင်ပါတယ်။
ဒါကြောင့်သောက်သုံးရေ၊ စိုက်ပျိုးရေနဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ မိုးဇလဌာနကတိုက်တွန်းထားပါတယ်။
စစ်ရေးပြင်းထန်ပြီး ရာသီဥတုပူပြင်းတဲ့ စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်းဘက်က စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူ တွေအတွက်တော့ သောက်သုံးရေရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုတွေကြားထဲကပဲ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ မရှိကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေက RFA ကို ပြောကြပါတယ်။
အယ်လ်နီညိုနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ကြိုတင်ပြင်ဆင်ထားတာမရှိသေးဘူးလို့ မြန်မာပြည်ရဲ့ အပူပိုင်းဒေသထဲမှာပါဝင်တဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ အစ်မရေ ထွေထွေထူးထူး ဘာမှပြင်ဆင်ထားတာမရှိဘူးဗျ။ ဘယ်လိုပြောရမလဲ အပူဒဏ်ကို ကျွန်တော်တို့က ခံစားရဖူးတော့ ကျွန်တော်တို့က တော်တော်ကြီးပူတာကို။ ၄၁ ဒီဂရီလောက်အထိပူတယ်။ အပူဆုံးမြို့ထဲလည်းပါတာဆိုတော့ အခုထိ ဘာမှထွေထွေထူးထူးပြင်ဆင်ထားတာမရှိပါဘူး “
အယ်လ်နီညိုကြောင့်စိုက်ပျိုးရေးကဏ္ဍမှာ သီးနှံအထွက်နှုန်းလျော့ကျနိုင်ပြီး နောက်နှစ် ၂၀၂၇ အကုန်လောက်ဆိုရင် ကမ္ဘာမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက လူဦးရေ သန်း ၂၇၀ ကျော် စားနပ်ရိက္ခာရှားပါးတာကြုံရနိုင်တယ်လို့ IRC –အပြည်ပြည် ဆိုင်ရာကယ်ဆယ်ရေးကော်မတီ ကသတိပေးထားပါတယ်။
ဒါကြောင့်စိုက်ပျိုးရေးအဓိကလုပ်တဲ့ မြန်မာနိုင်ငံမှာ အယ်လ်နီညိုဒဏ်ရှောင်နိုင်ဖို့ ရက်ရှည်သီးနှံတွေမစိုက်ပဲ ရက်တို စပါးမျိုးနဲ့ သီးနှံမျိုးတွေကိုပဲစိုက်သင့်တယ်လို့ ဧရာဝတီ တိုင်းက လယ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
“ဆောင်းသီးနှံအတွက်ကတော့ သူကျရောက်မဲ့လ အယ်နီညိုတအားဝင်မဲ့အချိန်နဲ့လွတ်မဲ့သီးနှံမျိုးတွေ ဆိုကြပါစို့ ၁၃၅ ရက် စပါးမျိုးမလုပ်ဘဲနဲ့တို့တွေက ရက်၉၀ စပါးမျိုးလုပ်မယ်ဆိုရင်သူ (အယ်နီညို) ပြင်းထန်လာတဲ့အချိန်ဆိုရင် တို့စပါးတွေက သီးပြီးပြီဆိုရင်သီးနှံယုတ်လျော့မှုလေးတွေနည်းမယ်ပေါ့နော်။ တခြားသီးနှံတွေဆိုရင်လည်း ပဲ တို့ဘာတို့စသည်အား ဖြင့် ရက်၉၀ ၁၀၀ လောက်အားဖြင့်ပဲ အသီးတွေအောင်တဲ့ဟာတွေ စိုက်ပျိုးဖို့ပဲစီစဥ်ရမှာပေါ့နော်”
လူတွေကြားမှာလည်း ရာသီဥတုပူရင်ဖြစ်တတ်တဲ့ရောဂါတွေ သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဆိုင်ရာ အသိပညာမျှဝေနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းက RFA ပြောပါတယ်။
“ကိုယ့်မှာကိုယ်အပူကြောင့်ဖြစ်တဲ့ရောဂါ/လက္ခဏာတွေရှိနေလားဆိုတာ သတိအမြဲတမ်းထားကြည့်ပါ။ ဥပမာအားဖြင့် ကြွက်တက်တာ၊ခေါင်းတွေကိုက်နေတာ ခေါင်းတွေမူးနေတာ၊ ချွေးတွေတအားထွက်ပြီး ခန္ဓာကိုယ်ကအရမ်းပူနေပြီး ဘာမှစဥ်းစားလို့မရတာ အဲဒီလိုပုံစံမျိုးတွေရှိနေပြီဆိုရင် ငါတော့ အပူရှပ်ချင်နေပြီဆိုပြီးကိုယ်တိုင်သတိထားရမယ်ပေါ့”
ဒီကာလမှာ ကျန်းမာရေးသတိပေးချက်တွေအချိန်မီရဖို့၊ သောက်သုံးရေဖူလုံအောင် ရေတွင်းရေကန်တွေ ရေလှာင်ကန်တွေ ပြင်ဆင်ထားဖို့ အရေးကြီးတယ်လို့လည်း တောင်သူတွေနဲ့အိမ်ရှင်မတွေက ပြောဆိုကြပါတယ်။
ဒါကြောင့်ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်ပြင်ဆင်ထားဖို့လိုအပ်သလို ဝင်ငွေနည်းပါးတဲ့အိမ်ထောင်စုတွေအပါအဝင် အပူဒဏ်အန္တရာယ်ရှိသူတွေကိုကာကွယ်နိုင်မယ့် လက်တွေ့ကျတဲ့အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးကလည်း အရေးတကြီးလိုအပ်နေတယ်လို့ပြောဆိုကြပါတယ်။
