စစ်ရေးဖိအားနဲ့ ငြိမ်းချမ်းရေးမရနိုင်ကြောင်း တိုင်းရင်းသားတွေနဲ့ လေ့လာသူတွေပြော

စစ်ရေးနည်းလမ်းနဲ့ ဖိအားပေးရင် ငြိမ်းချမ်းရေးဟာ ရှေ့ရောက်နိုင်မှာမဟုတ်ဘူး။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးအတွက်ဖြစ်လို့ ရပ်လို့မရဘူးလို့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ NCA စာချုပ် ၁၁ နှစ်ပြည့် ဆွေးနွေးပွဲ ဒုတိယနေ့မှာပြောလိုက်ပါတယ်။

ဒီလိုလုပ်ရပ်တွေရှိနေသမျှ ငြိမ်းချမ်းရေးအပေါ် တိုင်းရင်းသားတွေယုံကြည်မှာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ်လေ့လာရေးဌာနရဲ့ အကြီးတန်းတွဲဖက် သုတေသန ပညာရှင် ဒေါက်တာမီမီဝင်းဘတ် ကသုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် အာဆီယံရဲ့အချက်ငါးချက် ပြောထားတဲ့အတိုင်းပဲ ပထမဆုံး အကြမ်းဖက် တာတွေ ဗုံးကြဲတာတွေအားလုံးရပ်ရမယ်။ စစ်တပ်ဘက်ကရပ်လိုက်မယ်ဆိုရင် ဒီဘက်က သူ့အလိုလို လိုက်လာလိမ့်မယ်။ အဲဒီလိုမျိုးမရပ်တဲ့အခါကျတော့ ဘယ်လိုမှတဆင့်သွားလို့ မရတော့ဘူး။ သူတိုဗုံးကြဲ နေသမျှကာလပတ်လုံး ဒီဘက်ကလူတွေက လုံးဝယုံကြည်ဖို့မရှိဘူး”

စစ်ရေးနည်းလမ်းနဲ့ ဖိအားပေးရင် ငြိမ်းချမ်းရေးဟာ ရှေ့ရောက်နိုင်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောပါတယ်။

“ NCA လည်း အခု ၁၀ နှစ်ကျော်ပါပြီ။ ဘာမှအကောင်အထည်မဖော်ဘူး။ လက်မှတ်ထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပါပါတယ်။ ဒါတွေလည်း ဘာမှအရသာမခံစားရဘူး။ နိုင်ငံရေးဆိုတာ ဘာမှန်းတောင် မသိရဘူး ဖြစ်နေတယ်။ အခုလည်း နိုင်ငံရေးဆွေးနွေးမဲ့ တာဝန်ယူထားတဲ့သူကို ဒီထဲမှာ (စစ်ရေးမှာ) ပြန်ဆွဲထည့်တယ်ဆိုတာကတော့ ကျွန်တော်ပြောသလိုပဲပေါ့။ ဆွေးနွေးကြည့်လို့ အဆင်မပြေလို့ရှိရင်တော့ တစ်ခါတည်းတစ်ပြိုင်တည်းနဲ့ စစ်ရေးနဲ့ ဖိအားပေးဖို့ သူစီစဉ်တဲ့ ပုံစံပဲဖြစ်မယ်လို့ ကျွန်တော်သုံးသပ်ပါတယ်"

စစ်တပ်က ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ကိုထိုးစစ်ဆင်နေပြီး KIA ကိုငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်း ထားပါတယ်။ ဒါကို KIA ဘက်ကငြင်းထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာဟာ ငြိမ်းချမ်းရေးအတွက် စစ်တိုက်တာမဟုတ်ဘူးလို့ အာရက္ခ တပ်တော် (AA) ပြောခွင့်ရှိသူ ဦးခိုင်သုခက ဝေဖန်ပါတယ်။

“အပြစ်မဲ့ပြည်သူတွေကိုပစ်မှတ်ထားပြီးတော့ ဗုံးကြဲတိုက်ခိုက် အစုလိုက်အပြုံလိုက်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာဟာ ဒါစစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပါတယ်။ ဒါဟာ စစ်သားမပီသသူတွေရဲ့ သူရဲဘော ကြောင်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒီလိုလူသားမဆန်တဲ့ စစ်ရာဇဝတ်ပြစ်မှုကို ကျူးလွန်နေသမျှကာလပတ်လုံး အကြမ်းဖက်မြန်မာစစ်တပ်ကို ဘယ်သူကမှ ယုံကြည်မှုရှိလာမှာမဟုတ်ပါဘူး။ ယုံကြည်မှုမရှိရင် ငြိမ်းချမ်းရေး ဆိုတာကလည်း အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်”

KNU ကနေခွဲထွက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်ဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး - ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA - PC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကတော့ ငြိမ်းချမ်း ရေးအတွက် စစ်ရေးနဲ့ဖိအားပေးတာကို နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယူဆပါတယ်။

" ကျွန်တော်နားလည်ရသလောက်ဆိုရင်တော့ ဒီနိုင်ငံရဲ့အရေးအရာအားလုံးကို ကာကွယ်နေတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ဒီနိုင်ငံအတွက်သေရေး ရှင်ရေးတမျှ အရေးကြီးနေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ချဉ်းကပ်မှု အနေ အထားတစ်ခုအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုလို့ပဲ ကျွန်တော်အနေနဲ့မှတ်ချက်ပြု ပြောချင်ပါတယ်"

စစ်တပ်ဟာ တွေ့ဆုံဆွေးနွေးရေးအပေါ်အခြေခံမထားဘူးလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာ ရေးအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ထောက်ပြပါတယ်။

“စစ်ရေးဖိအားနဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်နေတယ်ဆိုတဲ့ စစ်တပ်ရဲ့အာဘော်ကို NCA နှစ်ပတ်လည် မှာ တစ်ဆင့်ခံထုတ်ပြောလိုက်တဲ့အနေအထားမျိုးလို့ပဲ နားလည်တယ်။ ဗိုလ်ချုပ်ကြီးရာပြည့်ရဲ့အတွေ့အကြုံ ဖြတ်သန်းမှု လုပ်ဆောင်မှုတွေမှာတော့ သူတကယ်ငြိမ်းချမ်းရေးကို ညှိုနှိုင်းချင်တဲ့ဆန္ဒ စိတ်ထဲရှိချင်ရှိလိမ့်မယ်။ ဒါပေမဲ့လက်ရှိစစ်ခေါင်းဆောင်တွေ၊ သူ့ ဆရာ မင်းအောင်လှိုင်ရဲ့အပေါ်မှာတော့ ကျော်လွှားနိုင်မှာလည်း မဟုတ်ဘူး”

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့က စစ်တပ်အာဏာသိမ်းကတည်းက NCA ဆွေးနွေးပွဲတွေကို မတက်တော့ပဲ ကျန်တဲ့ခုနစ်ဖွဲ့ကပဲ စစ်တပ်ခန့်အစိုးရနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။

အဲဒီ ၇ ဖွဲ့က ကရင်အမျိုးသားအစည်းအရုံး - ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA - PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြစ်ပါတယ်။