စစ်ဌာနချုပ်တွေ သိမ်းယူခဲ့တယ်ဆိုတဲ့ စစ်တပ်ထုတ်ပြန်ချက်ကို NUG နဲ့ KNU ငြင်းဆို

စစ်တပ်က သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားတဲ့ လက်နက်တွေဟာ သူတို့အသုံးပြုတဲ့ လက်နက်တွေမဟုတ်ဘူး။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကို ထိုးစစ်ဆင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာနချုပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) တပ်ရင်း (၃) ဌာနချုပ်အပါအဝင် တပ်စခန်း ၁၁ ခုကို သိမ်းယူခဲ့တယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို NUG နဲ့ KNU ပြောခွင့်ရသူတွေက ငြင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က အထူးတိုင်းစစ်ဌာနချုပ်ဟာ ရွေ့လျားဌာနချုပ်ဖြစ်တာကြောင့် စစ်တပ်သိမ်းယူခဲ့တယ်ဆိုတာ မမှန်ကန်ဘူးလို့ တုံ့ပြန်ပါတယ်။

“အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်မှုတွေဟာ အလုံးစုံမှန်ကန်မှုမရှိပါဘူး။ အထူးတိုင်းဆိုတာ လှုပ်ရှားစစ်တိုင်းဖြစ်သလို ဌာနချုပ်ဆိုတာလည်း ရွေ့လျားဌာနချုပ်ပဲဖြစ်ပါတယ်။ အထူးတိုင်းဌာနချုပ်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီစစ်ဂွင်ထဲ ကျွံဝင်နေတဲ့ ရန်သူကို PDFနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ချေမှုန်းနေတာရှိတဲ့အတွက် ဒီ့ထက်ပိုတဲ့အချက်အလက်တွေကိုတော့ လတ်တလော ထုတ်ပြောလို့ မရသေးဘဲ သင့်တော်တဲ့အချိန်ကျရင် အချက်အလက်နဲ့တကွ ထုတ်ပြန်အသိပေးသွားမှာဖြစ်ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောကလယ်စေးကလည်း စစ်တပ်သိမ်းယူခဲ့တဲ့ စခန်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) တပ်ရင်း (၃) ဌာနချုပ်မဟုတ်ဘဲ ရှေ့တန်းစခန်းငယ်တစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။

“တပ်ရင်းဌာနချုပ်မဟုတ်ပါဘူး။ စစ်တပ်ထုတ်ပြန်ချက်မှာ တပ်ရင်းဌာနချုပ်လို့ ပြောထားတာတော့ အမှားကြီးမှားတာပဲ။ တပ်ခွဲရဲ့ရှေ့တန်း စခန်းတစ်ခုပါပဲ။ အဲဒီနေရာကလည်း ကျိုက်ထို-ဘီးလင်း ကားလမ်းမကြီးနဲ့ သိပ်မဝေးတဲ့နေရာလည်း ဖြစ်တယ်။ မြေပြင်မှာတော့ စစ်ရေးရှုပ်ထွေးမှုတွေ ဆက်ရှိနေပါတယ်"

စစ်ဌာနချုပ်တွေ သိမ်းယူခဲ့တယ်ဆိုတဲ့ စစ်တပ်ထုတ်ပြန်ချက်ကို NUG နဲ့ KNU ငြင်းဆို
စစ်ဌာနချုပ်တွေ သိမ်းယူခဲ့တယ်ဆိုတဲ့ စစ်တပ်ထုတ်ပြန်ချက်ကို NUG နဲ့ KNU ငြင်းဆို သိမ်းဆည်းရမိခဲ့သည်ဟုဆိုသော KNLA တပ်စခန်းတစ်ခုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က စစ်တပ်က ထုတ်ပြန်ထားစဉ်။ (CINCDS)

နိုဝင်ဘာ ၁၀ ရက်နေ့မှာ စစ်တပ်ထုတ်ပြန်ခဲ့တဲ့ သတင်းအရ အင်အား တစ်ထောင်ကျော်နဲ့ စစ်ကြောင်း လေးကြောင်းခွဲပြီး နိုဝင်ဘာ ၃ ရက်နေ့ကစလို့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်ခဲ့ရာမှာ နိုဝင်ဘာ ၈ ရက်နေ့အထိ ခြောက်ရက်အတွင်း တပ်စခန်း ၁၁ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းတွေထဲမှာ မွန်ပြည်နယ် သိမ်ဇရပ်မြို့ ကော်ကတ်ရွာနဲ့ ကော်ထီးထရွာအနီးက KNLA တပ်မဟာ (၁) တပ်ရင်း (၃) ဌာနချုပ်အပါအဝင် စခန်းခြောက်ခုနဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ထီးကလာချောင်းအနီးက NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ငါးခု ပါဝင်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစခန်းတွေကနေ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂,၂၈၅ တောင့်၊ ဒရုန်းကနေ ကြဲချတဲ့ ဗုံး ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ ကား နှစ်စီး၊ ဒရုန်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးကတော့ စစ်တပ်က သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားတဲ့ လက်နက်တွေဟာ သူတို့အသုံးပြုတဲ့ လက်နက်တွေမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“သတင်းမှာဖော်ပြထားတဲ့ လက်နက်တွေကတော့ ဘယ်ကသွားယူထားလဲတော့ မသိဘူး။ ကျွန်တော်တို့လည်း အဲဒါကို စဉ်းစားနေတာ။ ကျွန်တော်တို့ရဲ့ တပ်ခွဲရှေ့တန်းစခန်းက နဂိုကတည်းက ပြင်ဆင်မှုတွေရှိတယ်။ သတင်းလည်းသိထားတော့ ပြထားတဲ့လက်နက်တွေကို လုပ်ထုံးလုပ်နည်းအရ ထားလေ့လည်းမရှိဘူးလေ”

စစ်တပ်ဟာ လက်ရှိအချိန်အထိ စစ်ကြောင်းဆက်ထိုးနေပြီး နေအိမ်တွေကို မီးရှို့တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့လည်း ပဒိုစောကလယ်စေးက ပြောပါတယ်။

ဒီတုံ့ပြန်ချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ KNU သတင်းအရင်းအမြစ်တချို့ကလည်း တပ်စခန်းတချို့ သိမ်းယူခံရတာမှန်ကန်တယ်လို့ RFA ကိုပြောပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်ဟာ ကချင်ပြည်နယ်ကနေ ထုတ်လာတဲ့ တပ်အင်အားတွေကို ပေါင်းစည်းပြီး မွန်ပြည်နယ်ဘက်ကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကို အင်အားထောင်ချီသုံးကာ အလစ်အငိုက် ထိုးစစ်ဆင်ခဲ့တာလို့ ပြောပါတယ်။

“အထူးတိုင်းစစ်ဌာထဲကနေ စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ လူတွေကနေတဆင့် စခန်းတည်နေရာ မြေပုံတွေကို အတိအကျရပြီးတော့ အလစ်အငိုက်ဝင်လာတာ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေကနေ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လျှပ်တစ်ပြက်ဝင်တဲ့ အနေအထားမျိုးပဲ။ အခုဆိုရင် ရွှေကျင်၊ ကျောက်ကြီး၊ ဘော်စဲနယ်မြေတွေက အထူးတိုင်းစစ်ဌာနချုပ်စိုက်မယ်ထင်တဲ့ နေရာတွေထိရောက်အောင် နယ်မြေရှင်းမဲ့ ပုံစံတွေ့ရတယ်”

အဲဒီဒေသတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အကာအကွယ်ယူဖို့ ခက်ခဲတဲ့ မြေပြန့်ဒေသတွေဖြစ်တာကြောင့် စစ်တပ်က လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ သူက ဆိုပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်၊ မွန်ပြည်နယ် သိမ်ဇရပ်နဲ့ ကျိုက်ထိုမြို့နယ်တွေက ကျေးရွာပေါင်း ၃၀ ဝန်းကျင်မှာ နေထိုင်တဲ့ အရပ်သား တစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်ကလည်း NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လေတပ် CDM တပ်ကြပ်ကြီး ဦးနေလင်းအောင်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ပါတယ်။