စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၆၀ ဝန်းကျင် ပျက်စီးခဲ့ပြီး ဒေသခံ တစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက နိုဝင်ဘာ ၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ပုလဲမြို့ကနေ ထွက်လာတဲ့ စစ်သားနဲ့ ရဲ အင်အား တစ်ရာနီးပါးပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ချောင်းကန်ရွာကတစ်ဆင့် နေအိမ်အလုံး ၅ဝဝ ကျော် ရှိတဲ့ ကျိုင်းခမောက်ရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို နှစ်ကြိမ် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မီးရှို့မဖျက်ဆီးခင်က ကျွန်မတို့အိမ်က နတ်ပြည်ပဲလေ၊ အခုတော့ ငရဲပြည်ရောက်သွားသလိုပါပဲ။ အိမ်ဝင်းထဲ ဘာဆိုဘာမှမကျန်ဘဲ ပြာအတိပဲ ကျန်နေခဲ့တာပါ။ အရင်ကတော့ မိသားစုစုံစုံလေးနဲ့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတဲ့ မိသားစုတွေလေ။ အခုတော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီ။ သူတို့ဖျက်ဆီးလိုက်လို့ ဝါးလုံးလေးထောင်ပြီး တဲထိုးနေဖို့တောင် အနိုင်နိုင်ပါ။ စားဖို့သောက်ဖို့တောင် ဘုန်းကြီးကျောင်းမှာ သွားစားနေရတဲ့ဘဝပါ”
နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ဒေသခံ သုံးရာနီးပါးဟာ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေ အိမ်တွေမှာ ခိုလှုံနေရပြီး စစ်ကြောင်း ပြန်ဝင်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံ တစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်း ပြန်ဝင်လာပြီး ကျန်တဲ့ နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခံရမှာ စိုးရိမ်တာကြောင့် ဒေသခံတွေ ရွာထဲကို ပြန်မဝင်ရဲသေးဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုအချိန်မှာ စိုးရိမ်ဆုံးကတော့ စစ်တပ်က ရွာထဲဝင်လာပြီး ကျန်တဲ့အိမ်တွေကို လာမီးရှို့မှာကိုပဲ။ အခုတောင် အေးအေးဆေးဆေး မနေရသေးဘူး။ ရွာထဲလည်း ပြန်မဝင်ရဲသေးဘူး”
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိ ကျိုင်းခမောက်ရွာက နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေအတွက် ယာယီနေထိုင်စရာ၊ စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အောက်တိုဘာလ ၂၆ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ လေးသန်းကျော်ရှိနေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက တစ်သန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။
