အာဆီယံမှာ စစ်တပ်ခန့်အစိုးရ အပြည့်အဝပြန်ပါခွင့်ရတော့မလား

“ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရော ကမ္ဘာမှာရှိတဲ့ အင်အားကြီးနိုင်ငံတွေရောက Re-Engagement ဆိုတာကို အခုသွားနေတာက စိုးရိမ်စရာရှိပါတယ်”

စစ်တပ်ခန့်အစိုးရက အာဆီယံထိပ်သီးအစည်းဝေးတွေမှာပြန်ပါခွင့်ရအောင် အဖွဲ့ဝင်တစ်နိုင်ငံချင်းအလိုက်ဆက်ဆံရေးကို ပိုတိုးပြီးလုပ်လာတဲ့အတွက်၊ ဒီမိုကရေစီအင်အားစုတွေအနေနဲ့လည်း သံတမန်ရေးကို ပိုပြီး အားစိုက်လုပ်ကိုင်ဖို့ လိုတယ်လို့ လေ့လာသူတွေကပြောပါတယ်။

လတ်တလောမှာဆိုရင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ အထူးကိုယ်စားလှယ်အဖွဲ့က လူသားချင်း စာနာမှု အကူအညီပေးဖို့ဆိုပြီး အောက်တိုဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံကို လာခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အာဆီယံအထူးကိုယ်စားလှယ် ထရီဇာ လာဇရို အဖွဲ့ကို တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ မူလအခွင့်အရေးတွေပြန်ရဖို့ကိစ္စအပြင် လာမဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ပြန်တက်ခွင့်ရဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ပြန်ပါဝင်ခွင့်ရနိုင်မလားဆိုတာနဲ့ပတ်သက်လို့ စစ်တပ်ခန့် အစိုးရရဲ့သမ္မတရုံးပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အာဆီယံရဲ့ဖိတ်ကြားမှု အပေါ် မူတည်တယ်လို့ စာနဲ့အကြောင်းပြန်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အလျောက် အာဆီယံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံ ရေးကို ထိန်းသိမ်းပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေမှာဆက်လက်ပါဝင်ဆောင်ရွက်သွားဖို့ သဘောထားရှိပါတယ်။ အာဆီယံနဲ့ ဆက်ဆံရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက်လည်း မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်တဲ့လုပ်ငန်းစဉ်နဲ့ အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာတို့ကို ထိန်းသိမ်းကာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ရပ်တည်ချက်ရှိပါတယ်။ လာမယ့် နိုဝင်ဘာလ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုတက်ရောက်ခွင့်နဲ့ပတ်သက်ပြီးတော့ အာဆီယံဘက်ရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ သက်ဆိုင်ရာအစီအစဉ်တွေကိုအခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါ တယ်”

နိုင်ငံတကာကဆက်ဆံတာကို အာဏာသိမ်းစစ်တပ်ရဲ့အစိုးရက ဘယ်လိုအသုံးချသွားမလဲဆိုတာ လာမဲ့ အာဆီယံ အစည်းအဝေးကိုကြည့်ပြီးအကဲခတ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“နိုင်ငံတကာကလာရောက်ကြတဲ့ ဧည့်သည်တွေ သံတမန်တွေကိုလည်းပဲ စစ်အုပ်စုက ဒီကိစ္စကို တရားဝင်မှုအတွက် သူတို့ရဲ့စစ်အုပ်ချုပ်ရေး တရားဝင်မှုအတွက်ကို နိုင်ငံရေးအရ အလွဲသုံးစားပြုမှု လုပ်သွားနိုင်တယ်ဆိုတဲ့ကိစ္စကို အမြဲတမ်းသတိပေးတာရှိပါတယ်။ သူတို့ အသုံးဘယ်လောက်ချသွားနိုင်သလဲဆိုတဲ့ဟာကို လာမဲ့ အာဆီယံအစည်းအဝေးတွေမှာ အထူးကိုယ်စားလှယ်က ဘယ်လိုတင်ပြမလဲဆိုတဲ့အပေါ်မှာ ကျွန်မတို့ စောင့်ကြည့်အကဲဖြတ်ရမယ်လို့တော့ မြင်ပါတယ်”

အာဆီယံအထူးကိုယ်စားလှယ် ထရီဇာ လာဇရို ရဲ့မြန်မာပြည်ခရီးစဥ်ဟာ လူသားချင်းစာနာမှုအကူအညီပေးရေး နဲ့ ဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည် ဘယ်လိုဖော်နေလဲဆိုတာအတွက်ဖြစ်သလို မြန်မာနဲ့ ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်ဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ဒီလို အာဆီယံအသင်းဝင်နိုင်ငံတွေအပါအဝင် နိုင်ငံကြီးတွေက ပြန်လည်ထိတွေ့ ဆက်ဆံလာတာ စိုးရိမ်စရာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက RFA ကို ပြောပါတယ်။

“အာဆီယံရဲ့ နဂိုရပ်တည်ချက်အတိုင်းပဲ ဆက်ပြီးရပ်တည်မှာလား။ ဒါမှမဟုတ်ရင် အာဆီယံအဖွဲ့ဝင်တွေရဲ့ ရပ်တည်ချက်ပုံစံမျိုးနဲ့ Engagement ကိုဆက်ဆံပြီးတော့ ပြောင်းလဲမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဖော်ဆောင်သွား မယ်ဆိုတဲ့ ပုံစံနဲ့ရပ်တည်သွားမလားဆိုတဲ့ဟာက ရွေးစရာနှစ်ခုထဲက ဘယ်ဟာရွေးမလဲဆိုတာက စောင့်ကြည့်ရမဲ့ အနေအထားမျိုးဖြစ်နေတယ်။ အသွင်ပြောင်းအစိုးရကို အစိုးရအဖြစ်သတ်မှတ်တဲ့ အခြေအနေမျိုး မဖြစ်လာဖို့ အတွက် ပြောကြဆိုကြတဲ့ဟာတွေတော့ ရှိတယ်။ ဒါပေမဲ့ ပြောကြဆိုကြပေမဲ့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရော ကမ္ဘာမှာရှိတဲ့ အင်အားကြီးနိုင်ငံတွေရောက Re- engagement ဆိုတာကို အခုသွားနေတာက စိုးရိမ်စရာရှိပါ တယ်”

ဒီအခြေအနတွေကြောင့် အတိုက်အခံအင်အားစုတွေဘက်က သံတမန်ရေးတွေမှာ ပိုအားစိုက်ဖို့ လိုတယ်လို့ အာဆီယံအရေးလေ့လာသူ ဦးဝင်းမင်း ကထောက်ပြပါတယ်။

" စိုးရိမ်စရာရှိလားဆိုရင် စိုးရိမ်စရာရှိပါတယ်။ လက်ရှိ Engagement ရနေတဲ့ကိစ္စတွေ နောက်တစ်ခုက စင်္ကာပူဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ထိုင်းနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူမှာ ဖြစ်တယ်။ လက်ရှိ မြန်မာစစ်တပ်နဲ့အနီးကပ် ဆောင်ရွက်နေတဲ့အခါမှာဆိုရင် စစ်အစိုးရနဲ့ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံခြားရေးကို ပိုမိုပြီးတော့ အရှိန်တင်ပြီး စနစ်တကျ လုပ်ဖို့တော့ ဖိအားဖြစ်စေတယ်လို့ မြင်ပါတယ်"

အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင်မှာ စစ်တပ်ခန့်အစိုးရ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေ တွေမှာ လူသားချင်းစာနာမှုအကူအညီကိုတိုက်ရိုက်ပေးဖို့၊ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးတွေအပါအဝင် သက်ဆိုင်ရာထိန်းချုပ်မှုနယ်မြေတွေက တာဝန်ရှိသူတွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးတဲ့ကိစ္စတွေကတဆင့် စစ်တပ်ခန့်အစိုးရကို နိုင်ငံရေးအရ အသိအမှတ်မပြုဖို့ စတဲ့ အချက်တွေကို KIA KNU KNPP CNF နဲ့ NUG တို့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) က အာဆီယံကို စာပေးပို့ခဲ့ပါတယ်။