စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း အရပ်သား ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၃ နှစ်ကနေ ၅၀ ကျော်အရွယ် စစ်တွေဒေသခံ အမျိုးသားတွေဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ နှစ်ဦး၊ ၃ ရက်နေ့မှာ သုံးဦး၊ ၅ ရက်နေ့မှာ လေးဦးနဲ့ ၆ ရက်နေ့မှာ သုံးဦး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အများစုကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့အထိ ပြန်မလွှတ်သေးတာကြောင့် မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညဘက် မသွားမဖြစ်မလို့ အပြင်ထွက်ရင်းနဲ့မှ စစ်တပ်ကင်းပုန်းနဲ့ တိုးပြီး အဖမ်းခံရတာ။ အဖမ်းခံထားရတဲ့သူတွေကို ရဲစခန်းမှာ သွားစုံစမ်းပေမဲ့ မရှိဘူး၊ မသိဘူးပြောပြီး။ သူတို့အချုပ်စခန်းထဲ ထည့်ထားတာ။ ညဘက်အပြင်မှာ အဖမ်းခံထားရတယ်ဆိုပေမဲ့ မာရှယ်လောထုတ်ထားတဲ့အချိန်ကို ကျော်လွန်ပြီး ထွက်တာလည်းမဟုတ်ပါဘူး။ ည ၇ နာရီနဲ့ ၈ နာရီအတွင်းမှာပဲ အဖမ်းခံရပြီး အဆက်အသွယ် ပြတ်သွားကြတာပါ”
စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကတည်းက ည ၉ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းကစပြီး စစ်တွေမြို့အနီး တိုက်ပွဲတွေပြင်းထန်လာပြီးနောက် စစ်တပ်က မြို့အတွင်း ကင်းပုန်းဝပ်စောင့်ကြည့်တာ၊ ညဘက် ဧည့်စာရင်းစစ်တာတွေအပြင် အရပ်သားတွေကိုလည်း ဆက်တိုက် ဖမ်းဆီးတာတွေ ရှိလာတာလို့ နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
“ဧည့်စာရင်းကလည်း ညတိုင်းနီးပါးကို စစ်တယ်။ AA က လူတွေရှိနေတယ်လို့ အကြောင်းပြပြီး အိမ်သာပါမချန်စစ်တာပါ။ အဖမ်းခံရသူတွေကို လမ်းမှာတွေ့လို့ မသင်္ကာလို့ဖမ်းတယ်ဆိုရင် စစ်ဆေးမေးမြန်းပြီးရင်တော့ ပြန်လွှတ်ပေးရမယ်လေ။ အခုက ဆက်ပြီးဖမ်းထားတယ်ဆိုတာက လူသားဒိုင်းအဖြစ် တိုက်ပွဲတွေမှာ အသုံးချဖို့လို့ ခံစားရတယ်။ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်တာတွေ FPV ဒရုန်းရန်ကြောက်ရတာတွေနဲ့ အခုလို ပြည်သူတွေပါ ဖမ်းဆီးလာတော့ မြို့ခံအားလုံး နေစရာမရှိတော့ပါဘူး”
အရပ်သားတွေကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးသလို စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ စစ်တွေမြို့နဲ့ သုံးမိုင်ခန့်အကွာက ရွှေမင်းဂံရေတပ်စခန်းနဲ့ မေယုမြစ်အနီးက ရေချမ်းပြင်ရွာတို့မှာ စစ်တပ်နဲ့ AA တို့အကြား နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတာကြောင့် မြို့ခံအများစုဟာ ဗုံးခိုကျင်းတွေထဲမှာ ပုန်းခိုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ စစ်တွေမြို့မှာ လူဦးရေ တစ်သိန်းခွဲခန့်ရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်ကစပြီး တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာခဲ့ကြတာကြောင့် လက်ရှိမှာ ရှစ်သောင်းကျော်သာ ကျန်ရှိပြီး စစ်တပ်ကလည်း မြို့ကနေ ထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့ကလွဲပြီး ကျန်တဲ့ ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ထားပါတယ်။
