စစ်ကိုင်းတိုင်း ကနီမြို့နယ် ညောင်ပင်လယ်ရွာက စာသင်ကျောင်းနဲ့ နေအိမ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၁၁ နာရီ ၂၁ မိနစ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ(Gyrocopter) သုံးစီးနဲ့ ညောင်ပင်လယ်ရွာ စာသင်ကျောင်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်လယ်ရွာဟာ ကနီမြို့နယ်ရဲ့ အစွန်ဆုံး တောင်ခြေမှာရှိပြီး ရွာထဲမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တွေ နေထိုင်တာမရှိဘူးလို့ ကနီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုဗုံးချခံရတဲ့ ညောင်ပင်လယ်ဆိုတဲ့ရွာက ကနီမြို့နယ်ရဲ့ အစွန်ဆုံးရွာ၊ တော်တော်ကိုခေါင်တယ်၊ တောင်ခြေမှာရှိတာ။ ရွာထဲမှာလည်း PDF တွေဘာတွေနေတာမရှိဘူးရယ်။ သူတို့ကတော့ အဲဒါကို သီးသန့်ကြီး လာချတဲ့သဘော။ အဲဒီမှာ တချို့က ပွဲချင်းပြီးသေတယ်။ တချို့ကလည်း ဒဏ်ရာရပြီး နောက်ထပ် ထပ်သေကြတာ။ စုစုပေါင်း ၁၁ ယောက်၊ ကလေးတွေလည်းပါတယ်”
သေဆုံးသူ ၁၁ ယောက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေး လေးယောက် ပါဝင်ပါတယ်။
အသက် နှစ်နှစ်အရွယ် မောင်ဇွဲထက်ညီ၊ ငါးနှစ်အရွယ် မစုရတီအောင်၊ ခုနစ်နှစ်အရွယ် မရွှန်းလဲ့ဖြူ၊ ၁၇ နှစ်အရွယ် မစံပယ်ဖြူ၊ ၂၅ နှစ်အရွယ် မခင်မျိုးလှိုင်၊ ၃၀ နှစ်အရွယ် ကိုမြင့်ထွန်း၊ ၃၁ နှစ်အရွယ် ကိုမြင့်ဝင်း၊ ၃၃ နှစ်အရွယ် မကြူကြူအေး၊ ၄၀ နှစ်အရွယ် ကိုဇော်လင်းဦး၊ ၅၀ နှစ်အရွယ် ဦးဝင်းဘိုနဲ့ ၆၅ နှစ်အရွယ် ဦးဉာဏ်ဝေတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူ လေးဦးကတော့ အသက် လေးနှစ်အရွယ် မောင်ထက်မြက်ဇော်၊ ၁၃ နှစ်အရွယ် မမိုးစက်ဖြူ၊ ၄၉ နှစ်အရွယ် ဒေါ်ကြည်သန်းနဲ့ ၅၂ နှစ်အရွယ် ဦးချစ်တင်တို့ ဖြစ်ပါတယ်။
ကနီမြို့နယ် ချောင်းမ-ယာကြီး ကားလမ်းပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ တစ်သောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ၊ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်ဟာ အရပ်သားတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံတွေကို ဦးတည် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက RFA ကို ပြောပါတယ်။
“စစ်ပွဲတွေကြားထဲမှာ အရပ်သားတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေဆိုတာ ကာကွယ်စောင့်ရှောက်ပေးရမှာ။ ဘယ်သူပဲဖြစ်ဖြစ်။ ဒါကို ကာကွယ်မစောင့်ရှောက်ပေးတဲ့အပြင် ဦးတည်တိုက်ခိုက်နေတာက စစ်အုပ်စုရဲ့ ဟိုးအရင်နှစ်ပေါင်းများစွာ မြန်မာပြည်မှာကျင့်သုံးလာတဲ့ နည်းဗျူဟာတခုပဲ။ စစ်ရေးတွေမှာပြည်သူတွေကိုပဲ နှိပ်စက်သတ်ဖြတ်ပြီး ကြောက်စိတ်တွေသွင်းပေးခဲ့တာပေါ့။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေဆိုတာ စစ်ရေးပစ်မှတ်ထားရမဲ့နေရာမဟုတ်ဘူး။ စစ်အုပ်စုရဲ့ကျူးလွန်မှုတွေနဲ့ ထိုက်တန်တဲ့အရေးယူမှုတွေလုပ်နိုင်အောင် နိုင်ငံတကာကိုလည်း တိုက်တွန်းချင်တယ်”
နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် လျှော်ဖြူကုန်းရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားတဲ့ ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ လွိုင်ကော်မြို့နယ် ဝမ်ငေါ့စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ စာသင်ကျောင်း ဗုံးကြဲခံခဲ့ရတာကြောင့် ကလေး သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆,၄၆၇ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၅၆၂ ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၈၄၈ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
