ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့နဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဖို့ ဥရောပသမဂ္ဂ (EU) ကို ပြည်ပအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
Fortify Rights၊ Burma Campaign UK၊ Burmese Rohingya Organization UK၊ European Karen Network နဲ့ Swedish Burma Committee အပါအဝင် အရပ်ဘက်အဖွဲ့ ၁၄ ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံပိုင်ဘဏ်တွေနဲ့ လောင်စာဆီ ထောက်ပံ့ပေးနေတဲ့ လုပ်ငန်းအားလုံး၊ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်မှာ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍနဲ့ ပြောဆိုချက်တွေကို အကြိမ်ကြိမ် ထည့်သွင်းသုံးသပ်ထားပြီး နိုင်ငံတစ်နိုင်ငံအနေနဲ့ တာဝန်ရှိကြောင်း ဆုံးဖြတ်ထားတဲ့အတွက် ကျူးလွန်သူတွေကို တစ်ဦးချင်း တရားစွဲဆိုနိုင်ဖို့ ပိုအရေးကြီးလာတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားရုံးတွေမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ တရားစွဲဆိုနိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့၊ ဘင်္ဂလားဒေ့ရှ်-မြန်မာအရေး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံရေးအရ၊ ငွေကြေးအရ ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေပြီး မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) အပါအဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ အတင်းအကျပ် ပြန်မပို့ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုပေးဖို့လည်း တိုက်တွန်းထားပါတယ်။
တရုတ်နဲ့ ရုရှားရဲ့ စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဆိပ်ကမ်းစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်တပ်အာဏာကို ပိုခိုင်မာစေနိုင်သလို ဒီနှစ်နိုင်ငံရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ပိုကြီးလာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ အထူးသဖြင့် တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရုရှားပါဝင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို စစ်ရေးအတွက်ပါ အသုံးပြုနိုင်ခြေရှိ၊ မရှိ ဆန်းစစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ခန့်သမ္မတ ဦးမင်းအောင်လှိုင်ကတော့ ICJ ရဲ့ စီရင်ချက်တွေကို အပြည့်အဝ လိုက်နာမှာမဟုတ်ဘဲ လိုက်နာသင့်တယ်လို့ ယူဆတဲ့ အချက်တွေကိုသာ လိုက်နာသွားမယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောထားပါတယ်။
