မဲဆောက်အပါအဝင် နယ်စပ်ဂိတ် ၁၇ ခုကို ထိုင်းဘက်က ပိတ်သိမ်း

မဲဆောက်မြို့နယ်က ဂိတ်ရှစ်ခု၊ ထာ့ဆောင်ယန်းက ငါးခု၊ မယ်ရမတ်က နှစ်ခု၊ ဖုတ်ဖရနဲ့ အုန်းဖန်မြို့နယ်တွေက တစ်ခုစီ ပိတ်ပင်ခံရတာလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဂိတ် ၁၇ ခုကို ထိုင်းဘက်က ပိတ်သိမ်းလိုက်တယ်လို့ နယ်စပ်မှာ နေထိုင်သူတချို့က RFA ကိုပြောပါတယ်။

မဲဆောက်မြို့နယ်က ဂိတ်ရှစ်ခု၊ ထာ့ဆောင်ယန်းက ငါးခု၊ မယ်ရမတ်က နှစ်ခု၊ ဖုတ်ဖရနဲ့ အုန်းဖန်မြို့နယ်တွေက တစ်ခုစီ ပိတ်ပင်ခံရတာလို့ ဆိုပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ကန့်သတ်ဖို့ရည်ရွယ်တာလို့ သိထားပေမဲ့ အခုပိတ်သိမ်းလိုက်တဲ့ နယ်စပ်ဂိတ်တွေဟာ ကုန်စည်စီးဆင်းမှုနဲ့ ကူးသန်းသွားလာရေးအတွက် အသုံးပြုနေတာလို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

“ဒီဂိတ်တွေက ကုန်စည်တွေ အပြန်အလှန်ပို့တာတွေလည်း ရှိတယ်။ နေ့စဉ်လူအသွားအလာတွေလည်း လုပ်ကြတယ်။ ခုလောလောဆယ်တော့ ပိတ်ထားတယ်။ စီမံချက်တစ်ခုခုရှိပြီဆိုရင် ဒီလိုပဲ ပိတ်လေ့ရှိတယ်”

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကလည်း နယ်စပ်ဂိတ် ၁၇ ခုကို ပိတ်သိမ်းလိုက်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖုဝမ်ကတ်(က်)ရောက် (Sihasak Phuangketkeow) လာရောက်ချိန်မှာ စစ်တပ်ခန့်သမ္မတ ဦးမင်းအောင်လှိုင်က စစ်တပ်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်သွယ်ရေးတွေမလုပ်ဖို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ နယ်စပ်ဂိတ် (၁) နဲ့ (၂) ကို ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်။ တာချီလိတ် ဖွင့်ထားတယ်။ တရားဝင် အဲဒါကိုသုံးပါ။ တရားမဝင်တဲ့ဂိတ်ကို မသုံးပါနဲ့လို့ ကျွန်တော်ပြောပါတယ်။ ဒါပေမဲ့ တရားမဝင်တဲ့ ဂိတ်တွေကနေ သူတို့ အားပေးနေတာတွေ ရှိပါတယ်”

စစ်တပ်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နယ်စပ်ဂိတ်တွေကနေ နယ်စပ်ကုန်သွယ်မှုတွေလုပ်တာက တိုင်းရင်းသား လက်နက်ကိုင်တွေဆီကို ငွေကြေးအများအပြား စီးဆင်းစေတယ်လို့ စစ်တပ်ခန့်သမ္မတက ပြောပါတယ်။

ဒါ့ပြင် တရားမဝင် နယ်စပ်ကုန်သွယ်ရေးလုပ်နေတယ် ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့နယ် သံလွင်မြစ်ကမ်းဘေးက သော်လဲထစခန်းကို စစ်တပ်က အောက်တိုဘာလ ၃၁ ရက်ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အခုနယ်စပ်ဂိတ်တွေ အပိတ်ခံရတာနဲ့ပတ်သက်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကို ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခု ရှိပါတယ်။

အဲဒီထဲက ထိုင်း- မြန်မာနယ်စပ်က တာချီလိတ်၊ မြ၀တီ နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းတွေကိုပဲ ဖွင့်လှစ်ထားနိုင်တယ်လို့ စစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကံပိုင်တည်၊ မူဆယ်၊ လွယ်ဂျယ်၊ ထိုင်း-မြန်မာနယ်စပ်က မယ်စဲ့၊ ထီးခီး၊ မောတောင်၊ မြိတ်၊ မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်က စစ်တွေနဲ့ မောင်တောတို့ဟာ စစ်တပ်ခန့်အစိုးရ ထိန်းချုပ်မှုအောက်မှာမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ တမူးကို စစ်တပ်က ပြန်ထိန်းချုပ်ထားပေမဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်မဖွင့်နိုင်သေးပါဘူး။ လာအို-မြန်မာနယ်စပ် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းကတော့ ကုန်သွယ်မှု မရှိသလောက်နည်းပါးတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အချက်အလက်တွေအရသိရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ စစ်အာဏာမသိမ်းခင် နယ်စပ် ကုန်သွယ်ရေးစခန်းအားလုံး အစိုးရထိန်းချုပ်မှုအောက်မှာရှိခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်က နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ( အမေရိကန်ဒေါ်လာ ၁၀၆၃၅.၄၃၅ သန်း) ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း အများအပြား လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်ခန့်အစိုးရက နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာတော့ နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံကျော် (ဒေါ်လာ ၇၇၄၀.၅၈၇ သန်း) သာ ရှိခဲ့ပါတယ်။

အဲဒီနောက် နယ်စပ်ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရက သတင်းထပ်မံ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။