ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာပြည်မှာ အစစအရာရာစျေးနှုန်းတွေတက်နေပေမဲ့ ပင်ရင်းထုတ်တဲ့ လယ်ယာဥယျဥ်ခြံမြေထွက်သီးနှံတွေက စျေးကျနေပါတယ်။ အဲဒီအထဲမှာ အုန်းသီးလည်းပါနေပါတယ်။
“လက်ရှိ အုန်းသီးဈေးကတော့ ၂၅၀ မှ ၃၀၀ ကြားပဲရှိတယ်။ ဒါခြံပုံ (ခြံတွေမှာလာဝယ်တဲ့ဈေး) ရှင်းတာပေါ့။ တက်ခကတော့ ဝယ်သူကခံတယ်။ တက်ခက ဝယ်သူက တစ်ရာကို တစ်သောင်းခွဲနှုန်း။ အုန်းသီးတစ်လုံးတန်ဖိုးမှ အားလုံးပေါင်းမှ ၄၅၀ ပဲရှိတယ်။ ဒီခြံနဲ့ မှီခိုစားလို့ မရတော့ဘူး။ ကျန်တဲ့အလုပ်တွေ လျှောက်လုပ်နေရတာပေါ့”
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် တောင်ယာကြီးရွာက အုန်းခြံပိုင်ရှင် ဦးဌေးပြောပြတာပါ။ အခုဆို ဂဏန်းထောင် ငါးဖမ်းတဲ့အလုပ်တွေပါလုပ်နေရတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ရန်ကုန်မြို့က ရပ်ကွက်ဈေးတွေမှာ အုန်းသီးတစ်လုံးကို ကျပ် ၂၅၀၀ ကနေ ကျပ် ၅၀၀၀ အထိရှိတယ်လို့ ဆိုင်ရှင်တွေကပြောပါတယ်။ ဒါပေမဲ့ ဘိုကလေးမြို့နယ်က ဦးဌေးတို့ရဲ့ အုန်းသီးခြံတွေမှာတော့ တစ်လုံးကို ကျပ် ၃၀၀ ဝန်းကျင်ပဲရှိနေပါတယ်။
အုန်းသီးတက်ခက တစ်လုံးကို ၁၅၀ ကျပ်ပေးရပါတယ်။ ဒါကြောင့် အုန်းခြံပိုင်ရှင်တွေက အုန်းသီးကို အရင်လို နှစ်လတစ်ခါမခူးတော့ဘဲ ကြွေကျတာကိုပဲကောက်ကြပါတော့တယ်။
အုန်းခြံပိုင်ရှင်တွေ စီးပွားရေးထိခိုက်သလို အုန်းပင်တက်သမားတွေလည်း စားဝတ်နေရေးကြပ်တည်းကြလို့ တခြားရရာအလုပ်တွေလုပ်ကြတယ်လို့ အသက် ၂၅ နှစ်အရွယ် အုန်းပင်တက်သမား ကိုရှိုင်းလင်းထက်က ပြောပြပါတယ်။
“အလုပ်မလုပ်ရဘူးပေါ့။ မလုပ်ရတဲ့ ရက်တွေဆိုတော့လည်း ကိုယ်တွေ ပိုက်ဆံပြတ်တော့လည်း ဒီလိုပေါ့။ ရရာ လုပ်စားရတာပေါ့။ ဂဏာန်းတွေဘာတွေလည်းထောင်တာပေါ့ ကိုယ်တွေဘက်က တော့။ အဲဒီလိုမျိုးပေါ့။ ဂဏာန်းထောင်တယ်။ ဂဏာန်းထောင်တာ အဆင်မပြေရင် ပင်လယ်လိုက်တယ်ပေါ့”

အုန်းသီးဈေးကောင်းတုန်းက သူ့ရဲ့ တစ်ရက်ဝင်ငွေက ငွေကျပ် တစ်သိန်းဝန်းကျင် ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အုန်းပင်မတက်ရတဲ့ရက်တွေများလာသလို အသီးလည်းထွက်တာလည်းနည်းသွားတာကြောင့် တစ်နေ့ကို ကျပ် နှစ်သောင်းလောက်ပဲ ရတော့တယ်လို့ ပြောပါတယ်။
အခွံတဝက်ခွာထားတဲ့အုန်းသီးကို သူတို့ဒေသမှာ ပီနံလို့ ခေါ်ကြပါတယ်၊ အဲဒီ ပီနံအုန်းသီးတွေကို အလုံးလိုက်ရောင်းသလို အုန်းခွံခွဲ အုန်းသီးဆံချည်းပဲထုတ်ပြီးတော့လည်း ရန်ကုန်မြို့က ပွဲရုံတွေကို ရောင်းကြပါတယ်။ တောင်ယာကြီးရွာက အသက် ၄၀ ကျော်အရွယ် မရင်ရင်အေးက အဲဒီလိုအုန်းသီးတွေကို ရန်ကုန်ကပွဲရုံတွေကိုပို့ပါတယ်။
“ ပီနံဆိုရင် နှစ်ထောင့် ငါးရာ၊ တို့ ဒီအသားဆိုရင် နှစ်ထောင်။ နှစ်ထောင်ကနေ ထိုးကျသွားတာ နှစ်ရာ့ငါးဆယ်၊ သုံးရာ။ အဲဒီကြားထဲ ပီနံလမ်းကြောင်းတွေကအကုန်ပိတ်။ ပိတ်လည်းပိတ်ရော ပီနံနွှာထားတဲ့ဟာတွေလည်း ဒုက္ခတွေပေးပေါ့။ အကုန်လုံး ဒုက္ခတွေရောက်။ ပီနံတွေကလည်း မယူတော့ဘူးဆိုတော့လေ”
အခု ၂၀၂၆ အောက်တိုဘာလကုန်က ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်က ပွဲရုံတွေမှာစုံစမ်းကြည့်တဲ့အခါ အုန်းသီးတစ်လုံး ကို ၁၅၀၀ ကျပ်ကနေ ၂၀၀၀ ဝန်းကျင်ရှိတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။ ၂၀၂၄ ခုနှစ်က တစ်လုံးကို ကျပ် ၃၀၀၀ ကနေ ၄၀၀၀ အထိ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်း နယ်မြေတော်တော်များများမှာ မအေးချမ်းတဲ့အတွက် ရန်ကုန်မြို့နဲ့ နယ်မြို့တချို့ကိုပဲ အုန်းသီးဖြန့်ဖြူးနိုင်လို့ အဝယ်ရပ်ထားတယ်လို့ ပွဲရုံတွေကပြောပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ အုန်းသီးကို နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကိုတင်ပို့ခဲ့တာကြောင့် နိုင်ငံခြားဝင်ငွေရရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အရင်ကထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အခုတော့ ပြည်တွင်းရော ပြည်ပစျေးကွက်ပါမရှိတဲ့အတွက် အုန်းသီးတစ်လုံးက ဘဲဥတစ်လုံးဖိုးတောင် မရှိတော့ဘူးလို့ မရင်ရင်အေးကပြောပါတယ်။
“ခြံရှင်သမားတွေက ဘာစားရမလဲ။ အုန်းသီးလေကြွေ တစ်လုံးကောက်သွားလို့ ဘဲဥတစ်လုံး မစားရ ဘူးလေ။ ဘဲဥတစ်လုံးတောင် ငါးရာ ခြောက်ရာဖြစ်နေတာလေ”
