တယ်လီနော (Telenor) တယ်လီဖုန်းသုံးစွဲသူ မြန်မာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပါအဝင် စုံစမ်းထောက်လှမ်းရေးဆိုင်ရာ နည်းပညာတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လွှဲပြောင်း ပေးအပ်တဲ့အတွက် တာဝန်ရှိကြောင်း တရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းသူ တရားမျှတရေးနဲ့ တာဝန်ခံမှုရှိရေး လှုပ်ရှားမှုအဖွဲ့ (Justice and Accountability Initiative - JAI)အဖွဲ့က ဦးရဲလင်းမြင့်ကို လူ့အခွင့်အရေးအတွက် တရားရေးအရ ထူးချွန်စွာ ဆောင်ရွက်နိုင်သူအဖြစ် ဗြိတိန်အခြေစိုက် မက်ဂ်နင်းစကီး Magnitsky ဆုအဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ဆုချီးမြှင့်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဒီဆုဟာ နော်ဝေနိုင်ငံရဲ့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Telenor ASA ကို မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဖုန်းကုမ္ပဏီအနေနဲ့ အပံ့အပိုး ပါဝင်ပတ်သက်ကူညီခဲ့တဲ့အတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့တဲ့အတွက် အသိအမှတ်ပြုချီးမြှင့်တာလို့ ဆုအဖွဲ့က ကြေညာပါတယ်။
မက်ဂ်နင်းစကီးဆုဟာ စစ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ကြရတဲ့ မြန်မာပြည်သူအားလုံးအတွက် ကိုယ်စားပြုရတဲ့ ဆုပါလို့ ဦးရဲလင်းမြင့်က ပြောပါတယ်။
“ဒီဆုဟာ ကျွန်တော့်တစ်ယောက်တည်းထက် အများကြီး ပိုမိုကြီးမားကျယ်ပြန့်ပါတယ်။ Telenor ကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့တိုက်ပွဲမှာ ကျွန်တော်နဲ့အတူ ပါဝင်ခဲ့ကြသူတွေသာ မရှိရင် ဒီဆုဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။”
နော်ဝေနိုင်ငံတရားရေးဌာနမှာ အောင်မြင်စွာ တင်ပြနိုင်ခဲ့တဲ့ ဒီအမှုမှာ မြန်မာစစ်တပ်က အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး၊ အာဏာသိမ်းပြီးတဲ့နောက် အရပ်သား ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အကြီးကျယ် ချိုးဖောက်ဖိနှိပ်နေချိန် တယ်လီနော်မြန်မာ ကုမ္ပဏီဟာ တယ်လီဖုန်း ကွန်ရက်အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို မြန်မာစစ်တပ်ကို အကြိမ်ကြိမ် ပေးအပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒီအမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေ ရဲတပ်ဖွဲ့ကို တိုင်ကြားချက်ဖွင့်ခဲ့တာဖြစ်ပြီး ဒီတိုင်ကြားချက်မှာ တယ်လီနောဟာ နော်ဝေနိုင်ငံက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူထားတဲ့ ပြဌာန်းချက် (‘Myanmarforskriften’) အရ ချမှတ်ထားတဲ့ ပိတ်ဆို့ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပြီး၊ ကန့်သတ်ထားတဲ့ စောင့်ကြည့် ထောက်လှမ်းရေး ပစ္စည်းတွေကို ၂၀၂၂ မြန်မာနိုင်ငံက ထွက်ခွာချိန် မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဝယ်ယူသူကို လွှဲပြောင်းပေးခဲ့တယ်လို့ စွပ်စွဲထားတယ်လို့ သိရပါတယ်။
JAI) အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးရဲလင်းမြင့်ဟာ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ (MATA) ကို ၂၀၁၆ ကနေ ၂၀၂၀ အထိ ဦးဆောင်ခဲ့သူ ဖြစ်ပြီး သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေးအဖွဲ့ (EITI) လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆွီဒင်နိုင်ငံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရားမျှတရေးနဲ့ တာဝန်ခံမှုရှိရေး လှုပ်ရှားမှုအဖွဲ့ (JAI) ကိုဦးဆောင်တည်ထောင်ပြီး တယ်လီနောကုမ္ပဏီက စစ်တပ်ကို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လွှဲပြောင်းပေးအပ်ခဲ့တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူ တယ်လီဖုန်းသုံးစွဲသူ ၁၂၀၀ ကျော် ကိုယ်စား နော်ဝေနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။
မက်ဂ်နင်းစကီးဆုဟာ ၂၀၀၉ ခုနှစ်က ရုရှားနိုင်ငံ မော်စကို အကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရုရှားရှေ့နေ ဆာဂျေ မက်ဂ်နင်းစကီး (Sergei Magnitsky) ကို ဂုဏ်ပြုပြီး ဗြိတိန်နိုင်ငံ ဂုဏ်ပြုသောအားဖြင့် အမေရိကန်ဖွား ဗြိတိန်လုပ်ငန်းရှင် Sir Bill Browder က ၂၀၁၅ မှာ စတင်ထူထောင်ခဲ့တဲ့ လူ့အခွင့်အရေးဆုဖြစ်ပါတယ်။ ဒီဆုကို မြန်မာ့ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည်က ၂၀၂၂ ခုနှစ်မှာ ရရှိခဲ့ဖူးပါတယ်။
ဆုပေးပွဲကို ၂၀၂၆ နိုဝင်ဘာ ၁၂ ရက်နေ့မှာ လန်ဒန်မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
ဓာတ်ပုံ - ၂၀၂၆ အတွက် လူ့အခွင့်အရေးအတွက် တရားရေးအရ ထူးချွန်စွာ ဆောင်ရွက်နိုင်သူအဖြစ် မက်ဂ်နင်းစကီး Magnitsky ဆုချီးမြှင့်ခံရသူ တရားမျှတရေးနဲ့ တာဝန်ခံမှုရှိရေး လှုပ်ရှားမှုအဖွဲ့ (Justice and Accountability Initiative - JAI)အဖွဲ့မှ ဦးရဲလင်းမြင့်။ (JAI)
