လာမည့် ဧပြီလမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ စစ်တပ်ခန့်အစိုးရ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲတွေကို ပြီးခဲ့တဲ့ စစ်တပ်ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နယ်မြေမလုံခြုံတဲ့အတွက် ချန်လှပ်ခဲ့ရတဲ့ မဲဆန္ဒနယ်မြေတွေလည်း ပါတယ်လို့ သိရပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြထားချက်အရ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃၉ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒီမဲဆန္ဒနယ်တွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ စစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နေရာတွေလို့ AFP သတင်းကရေးပါတယ်။ ထူးခြားချက်က လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ မန္တလေးတိုင်း အလယ်ပိုင်းနဲ့ ချင်းပြည်နယ် အနောက်ပိုင်းတွေလည်း ပါဝင်နေတဲ့အချက်ဖြစ်ပါတယ်။
ဧပြီမှာ ကျင်းပမယ်ဆိုတဲ့ နယ်တွေထဲက ကျန် သုံးပုံနှစ်ပုံကတော့ စစ်တပ်ခန့် အစိုးရအဖွဲ့အတွင်းမှာ ရာထူးရယူသွားတဲ့အတွက် လစ်လပ်သွားတဲ့နေရာတွေကို အစားထိုး ခန့်ဖို့ ရွေးကောက်ပွဲကျင်းပတာလို့ သိရပါတယ်။
စစ်တပ်ဦးစီးပြီး ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလမှာ အပိုင်း သုံးပိုင်းခွဲကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံး မြို့နယ် ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်ပေါင်း ၆၅ မြို့နယ်ရှိခဲ့ပြီး ကျေးရွာ စုစုပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းမှာ ဆန္ဒမဲလာရောက်ပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်နဲ့ ၅၄ ရာခိုင်နှုန်းခန့် မဲပေးခဲ့ပြီး ရှိခဲ့ပြီး၊ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ အောင်မြင်စွာ ကျင်းပနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆၈၈ ဦးကို ရွေးခြယ်တင်မြှောက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီရွေးကောက်ပွဲအပြီးမှာ ကြေညာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လစ်လျူရှုပြီး အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ၂၀၂၅ နှစ်ကုန်မှာ ရွေးကောက်ပွဲကျင်းပပြီး ကိုယ်တိုင် အစိုးရဝင်ဖွဲ့ အာဏာလွှဲပြောင်းရယူခဲ့တာကြောင့် အတုအယောင်ရွေးကောက်ပွဲနဲ့ အစိုးရအဖြစ် နိုင်ငံတကာနဲ့ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေက ဝေန်ရှုံ့ချထားပါတယ်။
