ကန့်ဘလူမှာ ဒေသခံ သုံးထောင်ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေ‌

ဆေးဝါးပြတ်လပ်နေတာကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ အခက်အခဲအများဆုံး ကြုံနေရပြီး ဆေးမြီးတိုတွေကိုသာ အားထားနေရ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်က အဓိကလမ်းမကြီးကို နှစ်လကျော်ကြာ ပိတ်ထားတာကြောင့် ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံ သုံးထောင်ကျော်ဟာ အခြေခံဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုအပါအဝင် ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကန့်ဘလူမြို့နယ်က ကာဘိုး-ချဉ်မြစ်ကျင်း-တင်ကုတ်ကြီး-ထန်းကုန်း-ကန့်ဘလူလမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ ဆိုပါတယ်။

အဲဒီလမ်းပိုင်းကို ပိတ်ထားတာကြောင့် ကာဘိုး၊ အိုင်ပေါင်းချောင်၊ အောင်ချမ်းသာ၊ သိုးဘိုး၊ ချဉ်မြစ်ကျင်း၊ ကိုးမြို့၊ တင်ကုတ်ကြီး၊ ထန်းကုန်းနဲ့ ဇီးကုန်းစတဲ့ ကျေးရွာတွေမှာ ကုန်စည်ပြတ်လပ်ပြီး ဈေးနှုန်းတွေလည်း နှစ်ဆခန့် မြင့်တက်လာတယ်လို့ သိုးဘိုးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“လမ်းပိတ်ထားတာ နှစ်လကျော်ပြီ။ ဆေးဝါး စားသောက်ကုန် အကုန်ပြတ်သလောက်ဖြစ်နေပြီ ဝယ်မရဘူး။ လတ်တလောတိုက်ပွဲမရှိပေမဲ့ လမ်းတွေပိတ်ထားပြီး ကုန်စည်စီးဆင်းမှုမရှိတော့ ဘာမှကိုဝယ်မရတာ။ ရှိတာတွေကလည်း စျေးနှစ်ဆပဲ။ ကြက်သွန်နီတစ်ပိဿာ အရင်က ရှစ်ထောင်ဝန်းကျင် အခု နှစ်သောင်းဝန်းကျင်ပဲ”

ဆေးဝါးပြတ်လပ်နေတာကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ အခက်အခဲအများဆုံး ကြုံနေရပြီး ဆေးမြီးတိုတွေကိုသာ အားထားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းပိုင်းကို ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်ပြီး အခုနှစ်အတွင်းမှာပဲ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြန်လည်ထိန်းချုပ်ခဲ့တာလို့ ကန့်ဘလူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသခံတွေကတော့ တောလမ်းတွေကနေ သွားလာပြီး ဆေး စားနပ်ရိက္ခာတွေသွားဝယ်ကြတယ်။ တော်တော်များများကလည်း နေရပ်မပြန်ရဲကြတော့ဘဲ တောထဲမှာပဲ စစ်ရှောင်ရင်း နေနေကြတာ။ တိုက်ပွဲတွေမရှိပေမဲ့လည်း မပြန်ရဲကြဘူးလေ”

ကန့်ဘလူမြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာပြီး တောင်ယာတွေနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေကြရတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဟာ ပုံမှန်အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတော့တာကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ ရရှိဖို့ အခက်အခဲတွေကို ပိုပြီးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂရဲ့ အောက်တိုဘာလ ၂၆ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ လေးသန်းကျော်ရှိပြီး စစ်ကိုင်းတိုင်း တစ်ခုတည်းမှာပဲ ၁ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။