စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် လျှော်ဖြူကုန်းကျေးရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားတဲ့ ဆေးရုံတစ်ခုကို နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခ) ဆရာပွကြီးနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားဆဲ ကျန်းမာရေးဝန်ထမ်း ကိုထက်သူအောင် တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။
“ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီးနဲ့ ဆေးကျောင်းသားတစ်ဦးကျဆုံးခဲ့ပါတယ်။ စစ်တပ်က နိုင်ငံတကာ စာချုပ်စာတမ်းတွေ ဒါတွေကိုလည်း လုံးဝ အလေးထားခြင်း မရှိဘဲနဲ့ ဒီလိုမျိုး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ ဒါတွေကို တောက်လျှောက် ပစ်မှတ်ထား တိုက်ခိုက်နေတာ တော်တော်များနေပြီ ဖြစ်ပါတယ်”
နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်က NUG ထိန်းချုပ်နယ်မြေထဲက ဆေးရုံကို ပေါင် ၃၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အရပ်သား ခြောက်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒဏ်ရာရ ကျန်းမာရေးဝန်ထမ်း ငါးဦးကိုသာ ဖော်ပြထားတာကြောင့် အရပ်သားလူနာတွေ ထိခိုက်ဒဏ်ရာရတာနဲ့ စုစုပေါင်း ဒဏ်ရာရသူအရေအတွက်ကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဆေးရုံဟာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ကောလင်းမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြို့ပေါ်ဆေးရုံကို သွားရောက်ဖို့ ခက်ခဲနေတဲ့ ဒေသခံတွေ အဓိက အားထားနေရတဲ့ ဆေးရုံဖြစ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက စတင်လည်ပတ်နေတာလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရချိန်မှာ အနီးတစ်ဝိုက် တိုက်ပွဲတွေမရှိဘဲ စစ်တပ်က ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကောလင်းရဲ့ကျန်းမာရေးအသက်သွေးကြောမကြီးကို အပြီးတိုင်ဆုံးရှုံးလိုက်ရတာပါ။ အစားပြန်မရနိုင်တဲ့ ဆုံးရှုံးမှုကြီးပေါ့။ လတ်တလော မြေပြင်တိုက်ပွဲတွေ မရှိဘဲနဲ့ သတင်းရလို့ လေကြောင်းကနေ ပစ်မှတ်ထား ကြဲသွားတာဗျ”
ဒါ့အပြင် စစ်တပ်က ကောလင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေတာကြောင့် ကျေးရွာ ဆယ်ရွာလောက်က ဒေသခံ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်အထိ ကောလင်းဆေးရုံ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ရွှေဘို-မြစ်ကြီးနားကားလမ်းအနီး ပေပင်ချောင်နဲ့ လျှော်ဖြူကုန်းရွာကြားမှာရှိတဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လူနာဆောင် သုံးခု၊ နားနေဆောင်တွေနဲ့ ဗုံးခိုကျင်းတွေရှိတဲ့ ဆေးရုံကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနကတော့ ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို တားဆီးအရေးယူဖို့ တောင်းဆိုထားပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနက Insecurity Insight အဖွဲ့ရဲ့ Global Health Map စာရင်းကို ကိုးကားဖော်ပြထားရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ မြန်မာပြည်မှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၉၇၇ ခု ရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းတွေ ထိခိုက်ပျက်စီးမှု ၅၂၁ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၇၆ ဦးသတ်ဖြတ်ခံရသလို ဖမ်းဆီးခံရသူ ၉၉၅ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ကလေးတွေ တက်နေတဲ့ စာသင်ကျောင်းကို စစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် ကလေး သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၁ ရက်နေ့ကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ယာယီသားဖွားဆောင် လေကြောင်းတိုက်ခိုက်ခံခဲ့တာကြောင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မြန်မာနိုင်ငံမှာ ကလေးတွေဟာ လုံခြုံမှုရှိသင့်တဲ့ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးဌာနတွေမှာတောင် သေဆုံးဒဏ်ရာရနေကြတာကြောင့် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးအနေနဲ့ ကလေးတွေနဲ့ အရပ်သားအခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ နိုဝင်ဘာလ ၃ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။
