ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ စစ်တပ်တာဝန်ရှိသူ ကိုးဦးကို အရေးယူပေးဖို့ တိုင်ကြားထားတဲ့အမှုအတွက် အယူခံလွှာကို ဖိလစ်ပိုင်အယူခံတရားရုံးက နိုဝင်ဘာလ ၃ ရက်နေ့မှာ တရားဝင် လက်ခံမှတ်ပုံတင်လိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။
အဲဒီအယူခံဟာ လွန်ခဲ့တဲ့ သုံးနှစ်က စတင်တိုင်ကြားခဲ့တဲ့အမှုကို ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာန (DOJ) က ပယ်ချခဲ့တဲ့အပေါ် ကန့်ကွက်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနက ဒီစစ်ရာဇဝတ်မှုစွပ်စွဲချက်တွေဟာ ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်ပွားခဲ့တာမဟုတ်တဲ့အတွက် အရေးယူလို့မရနိုင်ကြောင်း တိုင်ကြားသူတွေကို စာနဲ့အကြောင်းပြန်ခဲ့တယ်လို့ တိုင်ကြားသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဖိလစ်ပိုင်ရှေ့နေ Romel Bagares က ပြောကြောင်း ABS-CBN သတင်းဌာနက နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်က ထန်တလန်မြို့မှာ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ချင်းတိုင်းရင်းသား ငါးဦးက CHRO ရဲ့ အကူအညီနဲ့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနထံ စတင်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားသူတွေထဲမှာ ထန်တလန်မြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နှစ်ဦးရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အက်ဥပဒေအရ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အခုတင်သွင်းတဲ့ အယူခံမှာတော့ မူလတိုင်ကြားချက်ကို ပဏာမစုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနကို အမိန့်ပေးရန် အယူခံတရားရုံးထံ တောင်းဆိုထားတယ်လို့ ABS-CBN သတင်းဌာနက ဖော်ပြပါတယ်။
ဒီအယူခံကို တရားဝင် လက်ခံခဲ့တာဟာ အမှုကို အဆုံးအဖြတ်ပေးလိုက်တာ မဟုတ်သေးပေမဲ့ မြန်မာနိုင်ငံပြင်ပမှာ တရားမျှတမှုရရှိရေး ကြိုးပမ်းမှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ CHRO က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တိုင်ကြားသူတွေက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ချစ်ခင်ရသူတွေ သေဆုံးခဲ့ရတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာနဲ့ နှစ်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့ကြတယ်လို့ CHRO က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲမှာ ဒေသခံတွေကို ကူညီပေးနေချိန် အသက်ဆုံးရှုံးခဲ့ရတဲ့ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးနဲ့ ဘုရားကျောင်းလူကြီးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲကို ဖိလစ်ပိုင်နိုင်ငံက ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ထန်တလန်ဒေသခံတွေရဲ့ တရားမျှတမှုရရှိရေး ကြိုးပမ်းမှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးပုံမှန် ပြန်လည်ထူထောင်တာကို တရားမျှတမှုရရှိရေးအတွက် အစားထိုးလို့မရသလို ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ လိုအပ်တယ်လို့လည်း CHRO က တိုက်တွန်းထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ဖိလစ်ပိုင်တရားရုံးမှာ အယူခံတင်သွင်းထားတဲ့ကိစ္စအပေါ် စစ်တပ်ဘက်က တရားဝင်တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။
