ထိုင်းပြည်သူတွေကို အကာအကွယ်ပေးသွားမယ်ဟု ထိုင်းဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းဘက်မှာ လုံခြုံရေးတိုးချထား။

မြန်မာစစ်တပ်နဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ထိုင်းမြန်မာနယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းအစိုးရအနေနဲ့ ထိုင်းပြည်သူတွေကို အကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul)က နိုဝင်ဘာ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ နယ်စပ်တ‌လျှောက် လုံခြုံရေးမြှင့်တင်ထားပြီး ထိုင်းနိုင်ငံနယ်မြေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ အပြည့်အဝပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ မြန်မာဘက်က စစ်ရေးပဋိပက္ခနဲ့တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေနဲ့ မသက်ဆိုင်တဲ့အတွက် နှစ်ဘက်ကြား ထိပ်တိုက်တွေ့ဆုံတာတွေရှောင်ရှားဖို့နဲ့ တင်းမာမှုလျော့နည်းအောင် သတိထားဖို့ကိုလည်း ထိုင်းစစ်တပ်အရာရှိ တွေကို ညွှန်ကြားထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ထိုင်းဘက်ကို လက်နက်ကြီးကျည် ကျရောက် ထိမှန်တာတွေအပေါ် စိုးရိမ်ပူပန်ကြောင်း မြန်မာစစ်တပ်ခန့် အစိုးရကို အကြောင်းကြားထားတယ်လို့ ဘန်ကောက်ပို့သတင်းစာက ရေးပါတယ်။

လောလောဆယ် မြန်မာဘက်က ထွက်ပြေးတိမ်ရှောင်လာတဲ့ ပြည်သူတွေကို ထိုင်းဘက်က လူသားချင်းစာနာမှုအကူအညီတွေပေးထားပြီး လုံခြုံစိတ်ချရတဲ့အချိန် နေရပ်ပြန်ဖို့ ပြောကြားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာနယ်စပ်တလျောက်တိုက်ပွဲတွေကြောင်း ထိုင်းဘက်က မဲဟောင်ဆောင်၊ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

တချိန်ထဲမှာလည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ထိုင်းနဲ့ အာဆီယံနိုင်ငံတွေကို ထိုင်းမြန်မာနယ်စပ်တလျောက်က အရပ်သားပြည်သူတွေကို အကာအကွယ် ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ နိုဝင်ဘာ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် နယ်စပ်နှစ်ဖက်က အရပ်သားတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ရပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေရတယ်လို့ KNU က ဆိုပါတယ်။

အထူးသဖြင့် သောင်ရင်းမြစ်ကမ်းနားမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် တစ်နေ့ထက်တစ်နေ့ အသက်အန္တရာယ် ပိုစိုးရိမ်နေရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း သံလွင်မြစ်ပေါ်က မြစ်ကူးဆိပ်သုံးခုဖြစ်တဲ့ မယ်နူထာ၊ ရာထာနဲ့ သော်လဲထာတို့ကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီမြစ်ကူးဆိပ်တွေကို မှီခိုနေရတဲ့ နယ်စပ်နှစ်ဖက်က ကုန်သည်တွေ၊ ဒေသခံတွေနဲ့ တောင်သူတွေ ထိခိုက်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။