တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက မှီခိုအားထားနိုင်တဲ့ မိတ်ဘက်နိုင်ငံတစ်နိုင်ငံအဖြစ် အမြဲတမ်း ရှိနေမှာပါလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးတိုးတက်လာရေးနဲ့ နိုင်ငံသားတွေရဲ့ လူနေမှုဘဝ တိုးတက်လာရေးကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံအားပေးနေပြီး၊တရုတ်မြန်မာ သာတူညီမျှ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ပူးပေါင်း ဆောင်ရွက်တာတွေ တိုးမြှင့်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တိုက်တွန်းပါတယ်။ စစ်တပ်ခန့်အစိုးရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဝန်ကြီး ဦးအောင်ကျော်ဟိုးနဲ့ ပေကျင်းမြို့မှာ တွေ့ဆုံစဥ် အခုလို ပြောကြားလိုက် တာလို့ တရုတ်အစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းကို ထုတ်ပြန်အပြီး နောက်ရက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်းပြောသလို စစ်တပ်ခန့်အစိုးရရဲ့ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ မြန်မာပြည်သူတွေဘဝ တိုးတက်ရေးဆောင်ရွက်နေ တာတွေကိုလည်း ထောက်ခံကြောင်း ပြောခဲ့သလို တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက မှီခိုအားထားနိုင်တဲ့ မဟာဗျူဟာ မိတ်ဘက်နိုင်ငံ အမြဲတမ်းဖြစ်နေမှာပါလို့လည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်ဖြစ်တဲ့ မစ္စတာဝမ်ယိက ပြောတယ်လို့ သတင်းကရေးပါတယ်။
ဒါ့အပြင် တရုတ်စီးပွားရေး စင်္ကြံလမ်း စီမံကိန်းတွေ ပုံမှန်ပြီးမြောက်ရေး၊ နှစ်နိုင်ငံကြား ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့၊ စွမ်းအင်နဲ့ သယံဇာတ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းရေးတို့ကို တိုက်တွန်း ခဲ့ပါတယ်။ ဦးအောင်ကျော်ဟိုးဟာ တရုတ်ပြည် ပေကျင်းမြို့မှာ ကျင်းပနေတဲ့ လန်ချန်း-မဲခေါင်ပူး ပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအို၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ တက်ရောက်နေတာလို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဧပြီလတုန်းကလည်း မြန်မာနိုင်ငံကို ခရီးရောက်လာခဲ့ပြီး မြန်မာ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ အမျိူးသားလုံခြုံရေးကို ခိုင်ခိုင်မာမာ ထောက်ခံသွားမယ်လို့ စစ်တပ်ခန့် အစိုးရ အကြီးအကဲနဲ့ စစ်အာဏာသိမ်းခေါင်းဆောင်ကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား လူမှုရေးစီးပွားရေး အကျိုးရှိမယ့် လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ထောက်ခံသွားမယ်လို့ ပြောကြာခဲ့ပါတယ်။
ဇွန်လတုန်းကလည်း စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ပေကျင်းမြို့မှာ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ဆက်လက်ထောက်ခံမယ်လို့ ပြောကြားခဲ့သလို Belt and Road Initiative (BRI) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
