မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ အမျိူးသားလုံခြုံရေးကို ခိုင်ခိုင်မာမာ ထောက်ခံသွားမယ်လို့ မြန်မာနိုင်ငံကို ခရီးရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၂၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဥ် အခုလို ပြောကြားလိုက်တာဖြစ်ပြီး နှစ်နိုင်ငံအကြား လူမှုရေးစီးပွားရေးအကျိုးရှိမယ့် လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ထောက်ခံသွားမယ်လို့ ပြောကြားခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေး တိုးမြင့်သွားဖို့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင်လည်းဖြစ် စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်က တင်မြှောက်ခံရတဲ့ သမ္မတဖြစ်တဲ့ ဦးမင်းအောင်လှိုင်ကလည်း တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်အပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပထမဦးဆုံးပေးပို့ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ သူ့အစိုးရအဖွဲ့တာဝန်ယူချိန် ပထမဆုံး လာရောက်ခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း၊ သူ့အစိုးရအဖွဲ့လက်ထက် မြန်မာနဲ့ တရုတ်အကြား ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုကောင်းအောင်လုပ်မယ့်အကြောင်း မစ္စတာဝမ်ယိကို ပြောခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေဝန်ကြီး ဝမ်ယိဟာ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ ၃ နိုင်ငံ ခရီးစဥ် နောက်ဆုံး တစ်ထောက်အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဧပြီ ၂၆ ရက်မှာ တရုတ်နိုင်ငံကို ပြန်လည် ထွက်ခွါသွားပါတယ်။
