ထိုင်း-မြန်မာနယ်စပ်တလျှောက်က အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အတွက် ထိုင်းအစိုးရ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာ ၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေကို ရပ်တန့်နိုင်ဖို့ စစ်တပ်ဆီ လေယာဉ်ဆီနဲ့ လက်နက်ရရှိနေတာတွေကို ကန့်သတ်တာအပါအဝင် ထိရောက်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ လုပ်ဖို့ ထိုင်းအစိုးရ၊ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို KNU က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အဓိကစိုးရိမ်ရတာက မြန်မာစစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ စစ်ဘေးရှောင်နေရတဲ့ အဓိက လုံခြုံရေးအတွက် စိုးရိမ်ရတာက စစ်အုပ်စုရဲ့ လေကြောင်းကနေ ပြည်သူတွေကို ပစ်မှတ်ထားတဲ့အခြေအနေက အရမ်းကိုစိုးရိမ်ရတယ်။ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီပေးရေးအစီအစဉ်မှာ နယ်စပ်ဖြတ်ကျော် ကူညီပေးရေး၊ အဲဒီလိုကူညီပေးတဲ့နေရာမှာလည်း ပြည်တွင်းထဲမှာရှိနေတဲ့ လူမှုအဖွဲ့အစည်း NGO အဖွဲ့အစည်းတွေကတဆင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပေးဝေပေးဖို့အတွက် ကျွန်တော်တို့ တောင်းဆိုထားတာပါ။ အခုလက်ရှိက တစ်နိုင်ငံလုံးပဲ ဒုက္ခရောက်နေတာပါ။ လတ်တလော ထိုင်းအာဏာပိုင်တွေရဲ့ စဉ်းစားချက်၊ လုပ်ဆောင်ချက်တွေကတော့ ဒီအခြေအနေမျိုးကိုတော့ မရောက်လာသေးဘူး”
ဒါ့အပြင် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေအနေနဲ့ မြေပြင်အခြေအနေတွေကို လေ့လာပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ အဲဒီလို ဆောင်ရွက်နိုင်ခြင်းမရှိရင် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ အကူအညီတွေ ရောက်ရှိဖို့ ခက်ခဲနိုင်ကြောင်းလည်း သူက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် နယ်စပ်နှစ်ဖက်က အရပ်သားတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ရပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေရတယ်လို့ KNU က ဆိုပါတယ်။
အထူးသဖြင့် သောင်ရင်းမြစ်ကမ်းနားမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် တစ်နေ့ထက်တစ်နေ့ အသက်အန္တရာယ် ပိုစိုးရိမ်နေရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း သံလွင်မြစ်ပေါ်က မြစ်ကူးဆိပ်သုံးခုဖြစ်တဲ့ မယ်နူထာ၊ ရာထာနဲ့ သော်လဲထာတို့ကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီမြစ်ကူးဆိပ်တွေကို မှီခိုနေရတဲ့ နယ်စပ်နှစ်ဖက်က ကုန်သည်တွေ၊ ဒေသခံတွေနဲ့ တောင်သူတွေ ထိခိုက်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။
သံလွင်မြစ်ကမ်းနှစ်ဖက်က အရပ်သားတွေရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်တာဟာ နှစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ရှင်သန်ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့လည်း KNU က ဝေဖန်ထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့၊ တရားဝင်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့နဲ့ နယ်စပ်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့လည်း KNU က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာအနီး တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ဘက်ကို ကျရောက်ခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်ရပ်နောက်ပိုင်း ထိုင်းအာဏာပိုင်တွေက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တွေမှာ တရားဝင်ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေကလွဲပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတချို့ကို အောက်တိုဘာလ ၃၀ ရက်ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ယာယီကန့်သတ်ထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေဖို့ မြန်မာဘက်ကို သတိပေးထားပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း Khaosod English သတင်းဌာနက ဖော်ပြပါတယ်။
တစ်ဆက်တည်းမှာပဲ နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ အရပ်သားတွေရဲ့ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေးအပေါ် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်သင့်တယ်လို့လည်း KNU က ထောက်ပြထားပါတယ်။
KNU အနေနဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး နိုင်ငံတကာလူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက် ထိုင်းအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
